မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဖြင့်  ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများပေးအပ်လှူဒါန်း

ဘားအံ  ၂၇  မေ

 

ကရင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးဆက်ပျံ့နှံ့မှု မရှိစေရေးအတွက် အသုံးပြုနိုင်ရေး ရည်ရွယ်ချက်များဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ် သမဝါယမအသင်းများမှ ကိုယ်တိုင်ချုပ်၊ ထုတ်လုပ်သော ကိုဗစ်-၁၉  ရောဂါ ကာကွယ်ရေး ပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း Mask၊ လက်သန့် ဆေးရည်၊ ဘက်စုံသုံး ဆပ်ပြာဆီများကို ကရင်ပြည်နယ်အစိုးရအဖွဲ့သို့ ပေးအပ်လှူဒါန်းခြင်းကို မေလ(၂၆) ရက်နေ့၊ နံနက်(၉) နာရီက ကရင်ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနရရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

 

105402

 

ကရင်ပြည်နယ်အဆင့် COVID-19 ရောဂါထိန်ချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် လိုအပ်သည့် နေရာများ၌ အသုံးပြုနိုင်ရန်အတွက် ဘားအံမြို့နယ်နှင့်လှိုင်းဘွဲမြို့နယ် သမဝါအသင်းများမှ ကိုယ်တိုင်ချုပ်၊ ထုတ်လုပ်သော လျှော်သုံးလွှာနှာခေါင်းစည်းMask(၁၀ဝ)ခု၊ လက်သန့်ဆေးရည် 200ml (၁၀ဝ)ဗူး၊ ဘက်စုံသုံးဆပ်ပြာဆီ 500ml (၁၀ဝ)ဗူး၊ စုစုပေါင်းငွေကျပ်(၃၀၃၅၀ဝ)ကျပ်တန်ဖိုးရှိ ပစ္စည်းများကို မြို့နယ်သမအသင်းများ၏ကိုယ်စား ကရင်ပြည်နယ် သမဝါယမ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မင်းက ပေးအပ်ရာ ကရင်ပြည်နယ်လွှတ်တော် ဉက္ကဋ္ဌ ဦးစောချစ်ခင်နှင့် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးတို့က လက်ခံ ရယူခဲ့ကြောင်း သိရသည်။

 

ကရင်ပြည်နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏(၁၈-၅-၂၀၂၀)ရက်နေ့ထုတ်ပြန်ကြော်ငြာ ချက်အရ ကရင်ပြည်နယ်တွင် COVID-19 ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာ(၂)ဦးတွေ့ရှိသဖြင့် ကရင်ပြည်နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

 

သင်းသင်းမာ(ပြန်/ဆက်)