မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေမှ အတိုးရရှိငွေဖြင့် ကျေးရွာအတွင်း ၄၀ဝဗို့ လျှပ်စစ် ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

ဆားလင်းကြီး  ၁၈  ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်း ဒေသကြီး၊  ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင်၃၁ရွာအနက် ရေမိန်(မြောက်)ကျေးရွာ၌ မြစိမ်းရောင် စီမံကိန်းရန်ပုံငွေမှ အတိုးရရှိငွေနှင့်ပြည်သူလူထုထည့်ဝင်ငွေတို့ ပူးပေါင်း၍ ကျေးရွာအတွင်း ၄၀ဝဗို့ လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးခိုင်နှင့်ဝန်ထမ်းများက ဒီဇင်ဘာ ၁၇ ရက်၊ မွန်းလွဲ ၁ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

520

 

ဆားလင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဦးစီးအရာရှိဦးစိုးခိုင်က‘‘မိမိတို့ မြို့နယ်မှာ  မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ စတင်၍  ဆောင်ရွက်ခဲ့ရာ  ယခုဆိုလျှင်  ကျေးရွာ ၃၁ ရွာမှာ  လုပ်ငန်းများကို   အောင်မြင်စွာ  အကောင်အထည်ဖော်  ဆောင်ရွက် လျက်ရှိပါတယ်။ မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေမှ အတိုးရရှိငွေများနှင့်  ပြည်သူလူထု ထည့်ဝင် ငွေများ ပူးပေါင်း၍  ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျေးရွာ ၁၈ ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့ပါတယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာလည်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက် လျက်ရှိရာ ရေမိန်(မြောက်)ကျေးရွာ၌ ပြည်သူများလျှပ်စစ်မီး ရယူသုံးစွဲနိုင်ရေးအတွက် ကျေးရွာအတွင်း ၄၀ဝဗို့ လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းကို ကျေးရွာရှိ   မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေမှ အတိုးရရှိငွေကျပ် ၂၀၇ သိန်းနှင့် ပြည်သူလူထု ထည့်ဝင်ငွေကျပ် ၁၂၇ ဒသမ ၆၅သိန်း စုစုပေါင်း ၃၃၄ ဒသမ ၆၅သိန်းဖြင့် ဆောင်ရွက်ခဲ့ရာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေ များကို ကွင်းဆင်းကြည့်ရှု  စစ်ဆေးခဲ့ပြီး   ကျေးရွာနေ  ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အား ချိတ်ဆက်သုံးစွဲနိုင်ရေး ၊ လုပ်ငန်းဆောင်ရွက်မှု  ကုန်ကျစရိတ်များကို ပွင့်လင်းမြင်သာစွာ  စာရင်းဇယားများပြုစု၍ ပြည်သူများသို့  ချပြရှင်းလင်းနိုင်ရေး ကိစ္စရပ်များကို ကျေးရွာတာဝန်ရှိ သူများနှင့် တွေ့ဆုံ၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါတယ် ’’  ဟု ပြောကြားခဲ့သည်။

 

ဆားလင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့်  မြို့နယ်အတွင်းရှိ   ဒူးထောက်၊ထန်းပု၊တုံရွာမ၊ ထန်းတော၊ သာယာကုန်း၊  ညောင်ပင်တို၊  မတောင့်တ၊ ဘိုက်သရက်၊ ရွှေသမင်၊ ရွာသစ်ကုန်း၊ ကျွဲခိုတော၊ ကံကြီးတော၊ ရေမိန်(မ)၊ ရုံးပင်ရိုး၊ ဇီးပဏီ(မ)၊ ဇီးပဏီ(တ)၊ ညောင်ပင်သာ၊ ဆုံတား၊ ကျိုင်းခမောက်၊ ချောင်းရိုး၊ဖလန်ကန်၊ ခွန်သာ၊ သရက်ကိုင်း၊ ညောင်ပင်ကိုင်း၊ လင်းစားကျက်၊ တရား၊မကျီးတန်း၊  ရွှေချမ်းသာ၊ ဇီးချိုင့်၊ တဲကြီးကျေးရွာနှင့် ဆားခါးကျေးရွာနေ ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားစေရန် ၊   တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး ၊ မွေးမြူရေးလုပ်ငန်းများကို  ဆောင်ရွက်ခြင်းဖြင့် စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် အာဟာရ ပြည့်ဝစေရန်၊ ကျေးလက်လူထု၏ စွမ်းဆောင်ရည် တိုးတက်လာစေရန်နှင့်  တုံ့ပြန်နိုင်စွမ်း အားကောင်း သော လူမှုအဖွဲ့အစည်းများ  ပေါ်ပေါက်လာစေရန်တို့ကို  ရည်ရွယ်၍   မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေများကို    ကျေးရွာ   တစ်ရွာလျှင် ငွေကျပ်သိန်း  ၃၀ဝနှုန်းဖြင့်    ထူထောင်ပေးထားကြောင်း သိရသည်။

 

မင်းခန့်စိုး(ဇေယျာမြေ)