မြစိမ်းရောင်ကျေးရွာ စီမံကိန်း လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မြစိမ်းရောင်ကျေးရွာ စီမံကိန်း လုပ်ငန်းများ အောင်မြင်ဖွံ့ဖြိုးမှု ရှိ၊ မရှိ အခြေအနေများ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ရွာပုလဲကျေးရွာအုပ်စု၊ ကုန်းတန်းကျေးရွာတွင် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

 

ထိုသို့စစ်ဆေးရာတွင် မင်းဘူး(စကု)မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဘုန်းလင်း (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများ အဖွဲ့က ကျေးရွာမြစိမ်းရောင် ရန်ပုံငွေကြီးကြပ်မှုကော်မတီများနှင့် တွေ့ဆုံပြီး စီမံကိန်းချေးငွေနှင့် စပ်လျဉ်းသည့် ငွေစာရင်းဇယားများ ဖြည့်စွက်ရေးသွင်းရာတွင် ပြည့်စုံမှန်ကန်ရေး၊ ချေးငွေ  စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားနိုင်ရန်နှင့် စီမံကိန်းလုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက်များကို ဆွေးနွေးကာ မြစိမ်းရောင် စီမံကိန်းလုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရောင်းဝယ်ရေး လုပ်ငန်းများ အောင်မြင်မှု ရှိ မရှိ အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

မင်းဘူး(စကု)မြို့နယ် ရွာပုလဲကျေးရွာအုပ်စု၊ ကုန်းတန်းကျေးရွာသည် ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင် စီမံကိန်းလုပ်ငန်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာဖြစ်ပြီး အဆိုပါကျေးရွာတွင် မြစိမ်းရောင် စီမံကိန်း ချေးငွေဖြင့် စိုက်ပျိုးရေး လုပ်ကိုင်သူ ၃၂ ဦး၊ မွေးမြူရေး လုပ်ကိုင်သူ ၄၈ ဦး၊ အရောင်းအဝယ် လုပ်ကိုင်သူ လေးဦး  စုစုပေါင်း ၈၄ ဦးရှိကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)