မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေ ကျပ်သန်း (၄၀)ကျော်အား အောင်ချမ်းသာကျေးရွာမှ အသင်းဝင်တောင်သူ (၁၃၆)ဦးထံ ဆဌမအကြိမ်မြောက် ထုတ်ချေးပေး

ကျောက်ပန်းတောင်း အောက်တိုဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မင်းခေါင်း တောင်ကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာမှ အသင်းဝင်တောင်သူများထံ စီမံကိန်းရန်ပုံငွေကျပ်သန်း (၄၀.၁၃)သန်း ထုတ်ချေးခြင်းကို၊ အောက်တိုဘာ (၁၈)ရက် နံနက်(၁၀)နာရီက အဆိုပါကျေးရွာရှိ မြစိမ်းရောင်ကော်မတီ အတွင်းရေးမှူးနေအိမ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အောင်ချမ်းသာကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းအပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းကို၊ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်မှစတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ စိုက်ပျိုးရေးလုပ်ကိုင်သူ (၉၄)ဦး၊ မွေးမြူရေးလုပ်ကိုင်သူ (၃၇)ဦး၊ အရောင်းအဝယ်လုပ်ကိုင်သူ (၄)ဦး၊ မီးလင်းရေးလုပ်ငန်းလုပ်ကိုင်သူ (၁)ဦး စုစုပေါင်း (၁၃၆)ဦးရှိကြောင်းနှင့် ယခုနှစ်သည် ဆဌမအကြိမ်မြောက် ထုတ်ချေးခြင်းဖြစ်ကြောင်း သိရသည်။ 

နေအောင်(ပြန်/ဆက်)