မြစိမ်းရောင်ကျေးရွာစီမံကိန်း စီမံခန့်ခွဲမှုနှင့် ငွေစာရင်းဆိုင်ရာ ထိန်းသိမ်းနည်းဆင့်ပွား သင်တန်းဖွင့်လှစ်

ကနီ  ၁၉   စက်တင်ဘာ


စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာ စီမံကိန်းဝင်ကျေးရွာများရှိ ကျေးရွာကော်မတီဝင်များအား မြစိမ်းရောင်ကျေးရွာ စီမံကိန်း စီမံခန့်ခွဲမှုနှင့် ငွေစာရင်းဆိုင်ရာထိန်းသိမ်းနည်း ဆင့်ပွားသင်တန်းကို စက်တင်ဘာ ၁၉ရက်နေ့ နံနက် ၉ နာရီက ကနီမြို့ အမှတ်(၃)ရပ်ကွက် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဖွင့်လှစ်ကြောင်း သိရသည်။


ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်အဆင့် မြစိမ်းရောင်ကော်မတီ ဥက္ကဋ္ဌ ဦးဗိုလ်ဆန်းက ကနီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးရွာ ၁၆ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စီမံကိန်းဝင်ကျေးရွာများရှိ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများအား ဆုံးရှုံးမှုမရှိဘဲ ကောင်းမွန်စွာစီမံခန့်ခွဲတတ်စေရန်၊ ငွေစာရင်းပုံစံများမှန်ကန်ပြည့်စုံစွာ ဖြည့်သွင်းတတ်စေရန်နှင့် ကျေးရွာပြည်သူများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာစွာ ချပြဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီဝင်များအား မြစိမ်းရောင်ကျေးရွာ စီမံကိန်းစီမံခန့်ခွဲမှုနှင့် ငွေစာရင်းဆိုင်ရာ ထိန်းသိမ်းနည်းဆင့်ပွားသင်တန်း ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာထွန်းလင်းမှ ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်များ (GAHP) ကို လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှမြင့်က စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင်းကောင်းများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။


အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဝင်များမှ ကျေးရွာကော်မတီဝင် ၈၀ တက်ရောက်ခဲ့ကြောင်း သိရသည်။


သန်းဌေးအောင်(ကနီ)