မြစ်ကြီးနားမြို့တွင် တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းများအား နယ်လှည့်ကွင်းဆင်း ထုတ်ပေး

မြစ်ကြီးနား  ၈  ဇွန်
 

၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ဖြေဆိုခဲ့ကြသည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရမှတ် အမှတ်စာရင်းများကို ဇွန် ၇ ရက် မွန်းလွဲ ၂ နာရီခွဲက မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အေးမြသီတာခန်းမတွင် နယ်လှည့်ကွင်းဆင်း အမှတ်စာရင်း ထုတ်ပေးရေးအဖွဲ့မှ လာရောက်ထုတ်ပေးခဲ့ကြကြောင်း သိရသည်။
 

အဆိုပါ နယ်လှည့်၍ တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း ထုတ်ပေးရေးအဖွဲ့တွင် မြန်မာနိုင်ငံ စာစစ်ဌာန(ငြိမ်း) အကြံပေး ဦးသန်းဦးနှင့် မြန်မာနိုင်ငံ စာစစ်ဌာနမှ အကြီးတန်းစာရေး ဒေါ်အေးသန္တာမိုးတို့က တာဝန်ယူ ဆောင်ရွက်ကာ ကချင်ပြည်နယ် ပညာရေးမှူးရုံးနှင့် ခရိုင်နှင့် မြို့နယ်ပညာရေးမှူးရုံးများမှ တာဝန်ရှိသူများက ပူးပေါင်းကူညီဆောင်ရွက်၍ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွင်း မြန်မာနိုင်ငံရှိ မည်သည့် စာစစ်ဌာနတွင်မဆို စာမေးပွဲ ဖြေဆိုထားသူအားလုံး  စာဖြေဌာန၊ ခုံအမှတ်နှင့် အမည်စာရင်း၊ တင်ပြနိုင်သူများအား (မူရင်း) အမှတ်စာရင်းများ ထုတ်ပေးခဲ့ကြသည်။
 

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အမှတ်စာရင်းထုတ်ပေးမှုနှင့် ပတ်သက်၍ ဆရာဦးသန်းဦးက "ကျွန်တော်တို့အဖွဲ့ အနေနဲ့ ဒီနေ့အမှတ်စာရင်း လာရောက်ထုတ်ယူတဲ့ သူများအားလုံးကို ပြီးပြတ်အောင် ထုတ်ပေးသွားမှာပါ၊ ဒီနေ့တစ်ရက်တည်း မဟုတ်ဘဲ ဇွန် ၈ ရက်နှင့် ၉ ရက်နေ့များမှာလည်း ဆက်လက်ထုတ်ပေးသွားမှာဖြစ်ပြီး အမှတ်စာရင်း ထုတ်ယူရန် တံဆိပ်ခေါင်းခွန် တန်ဖိုးသာ ပေးသွင်းရမှာ ဖြစ်ပါတယ်၊ အချက်အလက် စုံလင်ရင် တစ်ဦးကို တစ်မိနစ်ခန့်သာ ကြာမြင့်မှာ ဖြစ်ပါတယ်" ဟု ရှင်းလင်းပြောကြားကာ ယနေ့တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အမှတ်စာရင်း ထုတ်ယူရန် လူဦးရေ (၁၀ဝ၀) ကျော် လာရောက်ကြကြောင်း သိရသည်။
 

ဝင်းနိုင် (ကချင်မြေ)