မြစ်ကြီးနား၌ လျှပ်စစ်မိန်းဘုတ်ခုံအပူလွန်ကဲ၍ နေအိမ်မီးလောင်

မြစ်ကြီးနား  ၉   ဒီဇင်ဘာ

 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အောက်မော်ဖောင်းကျေးရွာ၌ ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းက နေအိမ်တွင်လူမရှိခိုက်  လျှပ်စစ်မိန်းဘုတ်ခုံအပူလွန်ကဲ၍ နေအိမ်မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ယနေ့နံနက် ၁၀ နာရီ ၃၅ မိနစ်က မြစ်ကြီးနားမြို့နယ်၊ အောက်မော်ဖောင်းကျေးရွာ၊ နယ်မြေ(၃)နေ ဒေါ်ဒေါင်လာမ့်(၄၁နှစ်)သည် မူလွန်မော်မောင်း(၁)ကျောင်းတွင် အစည်းအဝေး သွားရောက်နေစဉ် နေအိမ်တွင် တပ်ဆင်အသုံးပြုသည့် လျှပ်စစ်မိန်းဘုတ်ခုံ အပူလွန်ကဲကာ မီးစတင်လောင်ကျွမ်းခဲ့၍ အလျား ပေ ၃၀၊ အနံ ပေ ၂၀ ရှိ သွပ်မိုး၊ ထရံကာမြေစိုက်နေအိမ်တစ်လုံးနှင့် နေအိမ်နှင့်ယှဉ်လျက် မီးဖိုဆောင်တစ်လုံး မီးလောင်ကျွမ်းခဲ့သည်။

 

မီးလောင်ကျွမ်းရာနေရာသို့ မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်မိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြစ်ကြီးနားမြို့နယ် မီးသတ်ဦးစီးမှူး ဦးနိုင်ဝင်ထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ယာဉ်နှစ်စီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် ငြိမ်းသတ်မှုကြောင့် နံနက် ၁၀ နာရီ ၅၇ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

 

မီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် ဒေါ်ဒေါင်လာမ့်အား မြစ်ကြီးနားနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)