မြစ်ကြီးနား၌ ဖယောင်းတိုင်မီးမှတစ်ဆင့် နေအိမ်နှစ်လုံး ကူးစက်လောင်ကျွမ်း

မြစ်ကြီးနား ၂၅ ဩဂုတ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက်တွင် သြဂုတ် ၂၄ ရက်ညပိုင်းက ခုတင်ပေါ်တင်ထွန်းထားသည့် ဖယောင်းတိုင်မီးမှတစ်ဆင့် နေအိမ်နှစ်လုံး မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း ကချင်ပြည်နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

 

545

 

ဖြစ်စဉ်မှာ သြဂုတ် ၂၄ ရက် ည ၉ နာရီက မြစ်ကြီးနားမြို့၊ အေးစေတီရပ်ကွက်၊ နယ်မြေ(၉)နေ ဦးပိုင်စိုးဦး (၂၉)နှစ်၏ နေအိမ်၌ ခုတင်ဘောင်ပေါ်တွင် ဖယောင်းတိုင်မီး ထွန်းညှိထားရာမှ မွေ့ယာပေါ်သို့ပြုတ်ကျပြီး နေအိမ်သို့မီးကူးစက်လောင်ကျွမ်းခဲ့သည်။

မီးလောင်ကျွမ်းရာနေရာသို့ ကချင်ပြည်နယ် မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်းထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်ခြောက်စီး၊ ရေသယ်ယာဉ်သုံးစီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ည ၉ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် ဦးပိုင်စိုးဦး ပိုင်ဆိုင်သည့် ပေ(၃၀)ပတ်လည် သွပ်မိုး၊ အုပ်ညှပ်၊ နံရံကပ်နှစ်ထပ်နေအိမ်တစ်လုံးနှင့် ၎င်းနှင့်တွဲလျက် အလျား(၄၀)ပေ၊ အနံ(၃၀)ပေရှိ သွပ်မိုး၊ နံရံကပ် နှစ်ထပ်နေအိမ်တစ်လုံးတို့ မီးလောင်ကျွမ်းခဲ့ပြီး မီးပေါ့ဆစွာအသုံးပြုသူ ဦးပိုင်စိုးဦးအား မြစ်ကြီးနားနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)