မြစ်သားမြို့တွင် ပြည်သူလူထုအတွင်း နှလုံးနှင့် နှလုံးသွေးကြောရောဂါ မဖြစ်အောင် ကြိုတင်ကာကွယ်မှု လုပ်ငန်း ဆင့်ပွားသင်တန်းဖွင့်လှစ်

မြစ်သား ၂၇ ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ပြည်သူလူထုအတွင်း နှလုံးနှင့် နှလုံးသွေးကြောရောဂါ မဖြစ်အောင် ကြိုတင်ကာကွယ်မှုလုပ်ငန်း ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ ဆေးရုံဟောင်း အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

mdn

 

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိန်ပိုက မကူးစက်နိုင်သောရောဂါများကို စောစီးစွာ ရှာဖွေတွေ့ရှိ ကုသနိုင်စေရန်၊ ပိုမိုပြင်းထန်သောရောဂါနှင့် နောက်ဆက် တွဲပြဿနာများကို ရှောင်လွှဲနိုင်ရန်၊ ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်၊ အထက်အဆင့်သို့ လွှဲပြောင်းပေးတတ်ရန်၊ လူနာနှင့် မိသားစုကို အကြံပြုတတ်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် သင်တန်း ဆရာများအဖြစ် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ  ဒေါက်တာ ကောင်းစဝ်အောင်၊ ဒေါက်တာ ညီညီဇော်၊ ဒေါက်တာစန္ဒီစုကြည်နှင့် ဦးအာကာဖြိုး (ကျန်းမာရေးမှူး)တို့က သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ သင်တန်းကို ဇူလိုင် ၂၇ ရက်မှ ၃၀ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်သူ အခြေခံကျန်းမာရေးဝန်ထမ်း (၁၂၃) ဦးရှိပြီး သင်တန်းကို ကျန်းမာရေး လမ်းညွှန်ချက်များနှင့် အညီ ၂ ဖွဲ့ခွဲ၍ ၄ ရက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မြမြမွန် (ပြန်/ဆက်)