မြစ်သား၌ ကျေးရွာသုံးစိုက်ခင်း(၃၅)ဧကမှထွက်ရှိသော ထင်းတန်(၁၉)တန်အား ပွဲလုံးကျော် ကျေးရွာသို့ လွှဲပြောင်းပေးအပ်

မြစ်သား   ၂၂   အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ၂၀၁၅−၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် တည်ထောင်စိုက်ပျိုးခဲ့သော ကျေးရွာသုံးစိုက်ခင်း (၃၅) ဧကမှ ထွက်ရှိသောထင်းများအား လွှဲပြောင်းပေးအပ်ခြင်းကို ထင်းခုတ်လှဲထုတ်ယူခွင့်ပြုထားသော ၁/၂၀၁၅ ကျေးရွာသုံးစိုက်ခင်းအတွင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

 

မြစ်သားမြို့နယ်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနမှ ၂၀၁၄−၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ပြက္ခယွေ ကြိုးဝိုင်း၊ အမှတ်အကွက်(၃)အတွင်း၌ ၁/၂၀၁၅ ကျေးရွာသုံးစိုက်ခင်း(၃၅)ဧကကို တည်ထောင် ခဲ့ပြီး ယူကလစ်(၄၅၀ဝ)ပင်၊ မယ်ဇလီ(၃၀ဝ၀)ပင်နှင့် တမာပင်(၃၀ဝ၀)ပင်တို့အား ၂၄ ပေ ၆ ပေ ပန္နက်ဖြင့် စိုက်ပျိုးခဲ့ခြင်းဖြစ်ကာ ရွှေစေတီဒေသရှိ ကျေးရွာများ၏ထင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ရည်ရွယ်စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယခုအခါတွင် ၁/၂၀၁၃ ကျေးရွာစိုက်ခင်း(၃၅)ဧကမှာ (၅)နှစ်ပြည့်ပြီးမြောက်ပြီးဖြစ်ရာ စိုက်ခင်းမှ ထွက်ရှိသော ထင်းများအား အကျိုးပြုကျေးရွာဖြစ်သော ထိန်ကန်ကြီးကျေးရွာအုပ်စု၊ ပွဲလုံးကျော်ကျေးရွာသို့ ထင်းလွှဲပြောင်းပေးအပ်ခြင်းဖြစ်ပြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး ဦးစီးဌာန၊ မြစ်သားမြို့နယ်အနေဖြင့် ၁/၂၀၁၅ ကျေးရွာသုံး စိုက်ခင်း (၃၅)ဧကမှထွက်ရှိသော ထင်းတန်(၁၉)တန်နှင့် တိုင်(၂၅)လုံး အား အဆိုပါစိုက်ခင်းအတွင်း၌ပင် ထိန်ကန်ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံသို့ ကျေးရွာသူ/ရွာသားများ ရှေ့မှောက်တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

ဆုမွန်(မြစ်သား)