မြစ်ဝကျွန်းပေါ်လမ်းကွန်ရက်ပေါ်ရှိ ဘိုကလေး-မော်လမြိုင်ကျွန်း-ဝါးခယ်မ ဖွံ့ဖြိုးတိုးတက်မှုအဖုံဖုံ မြင်ကွင်းစုံ

မော်ကျွန်း-မြင့်အောင်

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် မြစ်ချောင်းများ ပေါများလှသည်။ ကုန်းလမ်းခရီးမပေါက်မီက ဆက်သွယ်ကူးသန်းသွားလာလိုပါလျှင် လှေ၊ သမ္ဗန်၊ ရေယာဉ်များကိုသာ အားထားအသုံးပြု သွားလာကြရသည်။ ထို့ကြောင့်လည်း နိုင်ငံတော်အစိုးရသည် မြစ်ဝကျွန်းပေါ်ဒေသ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြစ်ဝကျွန်းပေါ်ဒေသ လမ်းပန်းဆက်သွယ်ရေး လမ်းကွန်ရက်ကို အကောင်အထည်ဖော်ပေးခဲ့သည်။ မြစ်ဝကျွန်းပေါ်လမ်းကွန်ရက်တွင် ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ကျုံမငေး၊ မြောင်းမြမြို့နယ်များ ပါဝင်ကြသည်။

ယင်းလမ်းကွန်ရက်၏ အဓိက ဆက်သွယ်ရေး လမ်းကြောင်းမှာ ဘိုကလေး -မော်လမြိုင်ကျွန်း-ဝါးခယ်မ မြို့နယ်အထိဖြစ်သည်။ ယခုအခါ ဧရာဝတီတိုင်းဒေသကြီးတွင် လမ်းကွန်ရက်များ ဖောက်လုပ်ပြီးစီးသွားသဖြင့် ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသော ကုန်စည်များကို ရန်ကုန်တိုင်းဒေသကြီးသို့ နေ့ချင်းပေါက်ခရီးဖြင့် ပို့ဆောင်ရောင်းဝယ်နိုင်ကြပြီ ဖြစ်သည်။ ဆက်သွယ်ကူးသန်းနိုင်ကြပြီဖြစ်သည်။ 

မြစ်ကူးတံတားကြီးများ

မြစ်ဝကျွန်းပေါ် လမ်းကွန်ရက် လမ်းကြောင်းတွင် ပါဝင်သော ဘိုကလေး မှ မော်လမြိုင်ကျွန်းမြို့သို့ ဆက်သွယ် သွားလာနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက ဘိုကလေးမြစ်ကူးတံတားကြီးနှင့် မော်လမြိုင်ကျွန်းမြို့ဘက်ခြမ်းမှ ကျွဲခြံရေကျော် မြစ်ကူးတံတားကြီးများကို တည်ဆောက်ပေးခဲ့သည်။ ထို့ပြင် မော်လမြိုင်ကျွန်းမှ ရန်ကုန်မြို့သို့ နေ့ချင်းပြန် ခရီးသွားလာနိုင်ရေးနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးအတွက် နိုင်ငံတော်အစိုးရက ရာဇူဒိုင် အမှတ်(၁) မြစ်ကူးတံတားနှင့် ရာဇူဒိုင် အမှတ်(၂) မြစ်ကူးတံတားကြီးများကို ဆောက်လုပ်ပေးခဲ့သဖြင့်လည်း  မော်လမြိုင်ကျွန်းဒေသသည် ယခင်က ကုန်းလမ်းခရီးမပေါက်သော မြို့နယ် သို့မဟုတ် ရေပတ်လည် ဝန်းရံနေသော အထီးကျန်ကျွန်းဟု တင်စားခေါ်ဝေါ်ခဲ့ကြရာမှ အသွင်ပြောင်း၊ အမြင်ပြောင်းကာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ ယခုအခါ မော်လမြိုင်ကျွန်းကို လမ်းဆုံမြို့ဟုပင် ခေါ်ဝေါ်နေကြသည်။

တိုက်ရိုက်ဆက်သွယ်ရေးလမ်းများ

မော်လမြိုင်ကျွန်း - မအူပင်-ရန်ကုန် ဆက်သွယ်ရေးလမ်း၊ မော်လမြိုင်ကျွန်း- ဝါးခယ်မ - မြောင်းမြ - ပုသိမ် ဆက်သွယ် ရေးလမ်း၊ မော်လမြိုင်ကျွန်း -ဘိုကလေး- ဖျာပုံ - ဒလ (ရန်ကုန် ) ဆက်သွယ်ရေး လမ်း၊ မော်လမြိုင်ကျွန်း - လှိုင်းဘုန်း - ပြင်စလူ(ပင်လယ်ပိုင်း) လမ်း ၊ မော်လမြိုင် ကျွန်း-ဘိုကလေး - ကဒုံကနိ ( ပင်လယ် ပိုင်း ဆက်သွယ်ရေး) လမ်း ၊ မော်လမြိုင် ကျွန်း-ကျိုက်ပိ-ကျိုက်လတ် ဆက်သွယ် ရေးလမ်း၊ မော်လမြိုင်ကျွန်း - မြောင်းမြ ဆက်သွယ်ရေးလမ်း၊ မော်လမြိုင်ကျွန်း- ကျုံမငေး - ဝါးခယ်မ - မြောင်းမြ - ပုသိမ် ဆက်သွယ်ရေးလမ်း အသီးသီးတို့သည် မော်လမြိုင်ကျွန်းမှ တိုက်ရိုက်ဆက်သွယ် သွားလာနိုင်သောလမ်းများဖြစ်သည်။
ထို့အပြင် မော်လမြိုင်ကျွန်း - မအူပင် - ပုသိမ်လမ်း (ပထမဆက်သွယ် ရေးလမ်း) အပြင် ယခုမော်လမြိုင်ကျွန်း- ဝါးခယ်မ -မြောင်းမြ - ပုသိမ်လမ်း(ဒုတိယ ဆက်သွယ်ရေးလမ်း) ကိုလည်း ဆက်သွယ်ဖောက်လုပ် ပြီးစီးသွားသဖြင့် ပထမလမ်းထက် မိုင်အားဖြင့် ၇၀ ကျော် သက်သာသွားသည်။ ပုသိမ်မြို့သို့ မော်လမြိုင်ကျွန်းမြို့မှ သုံးနာရီခရီးဖြင့် အရောက်သွားနိုင်မည် ဖြစ်သည်။ အခြား မြို့နယ်များအနေဖြင့် ပုသိမ်မြို့သို့ ဒုတိယလမ်းဖြင့် ဆက်သွယ်သွားရောက် လိုလျှင် မော်လမြိုင်ကျွန်းမြို့မှ ဖြတ်သန်း သွားလာပါက အချိန်ကုန်၊ ငွေကုန်သက်သာသွားမည်ဖြစ်သည်။ ဤသို့ဖြင့် မော်လမြိုင်ကျွန်းမြို့သည် အဘက်ဘက်မှ ဆက်သွယ်ရေးလမ်းများ တိုးတက် ပြောင်းလဲလာသဖြင့် လမ်းဆုံမြို့ဟု တင်စားခေါ်ဝေါ်ကြခြင်းဖြစ်သည်။
မြစ်ဝကျွန်းပေါ် ဆက်သွယ်ရေး လမ်းတွင် ဖျာပုံမြို့နယ်ကိုလည်း ချန်ထား၍ မဖြစ်ပေ။ ဖျာပုံမြို့နယ်သည် လမ်းကွန်ရက်တွင် အရေးပါသော မြို့နယ်တစ်ခုဖြစ်သည်။ ပင်လယ်ပိုင်းဒေသမြို့လည်း ဖြစ်သည်။ ငါးပိ၊ ငါးခြောက်၊ ပုစွန် အမယ်စုံလည်း ထွက်ရှိ သည်။ ပင်လယ်ပိုင်း ရေလုပ်ငန်းခရီးသို့ သွားရောက်ကြရာတွင် ဖျာပုံမြို့မှ ရာသီချိန်အလိုက် ဆက်သွယ်သွားလာကြရ သည်။

မြို့နယ်ဂုဏ်ဆောင် ဘိုကလေးမြစ်ကူး တံတားကြီး

ဖျာပုံနှင့်အတူ အရေးပါသော မြို့နယ်တစ်ခုမှာ ဘိုကလေးမြို့နယ်ဖြစ်သည်။  ဘိုကလေးမြို့နယ်၌ မြို့နယ် ဂုဏ်ဆောင် ဘိုကလေးမြစ်ကူး တံတားကြီးမှာ ခံ့ညားထည်ဝါလှသည်။ ဘိုကလေးမှ အိမ်နီးချင်းမြို့နယ်များသို့ အချိန်မရွေး ဆက်သွယ် သွားလာနိုင်သည့်အပြင် ဘိုကလေးတံတားကြီးပေါ်မှ ဖြတ်ကျော်၍ ပင်လယ်ပိုင်းဒေသများဖြစ်သော ကဒုံကနိနှင့် ဧရာဒေသများသို့တိုင် ဆက်သွယ်သွားလာနိုင်သော အကျိုးပြုတံတားကြီးဖြစ်သည်။

စံပြကျေးရွာကြီးများ

မော်လမြိုင်ကျွန်းမြို့နယ် ဒေသသည် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးသည့် နောက်ပိုင်းတွင် တစ်မူထူးခြား ဖွံ့ဖြိုးတိုး တက်လာသည်။ စံပြကျေးရွာကြီးများလည်း ပေါ်ထွန်းလာကြသည်။ ကြက်လျှာ စံပြကျေးရွာ၊ ငွေဇင်ယော်စံပြကျေးရွာနှင့် ဓနိချောင်းစံပြကျေးရွာတို့ ဖြစ်ကြသည်။ ကျေးရွာများကို စုပေါင်း၍ စံပြကျေးရွာများအဖြစ် တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။ စံပြကျေးရွာ တစ်ရွာလျှင် အိမ်ခြေ ၄၀၀ ခန့် ရှိသည်။ စံပြကျေးရွာများသည် စီးပွားရေး၊ လူမှုရေးနှင့် ပညာရေးလုပ်ငန်းများတွင် ဖွံ့ဖြိုး တိုးတက်လျက်ရှိသည်။

ဤသို့ မြစ်ဝကျွန်းပေါ်ဒေသများ၌ လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်လာသည့်အပြင် ကျေးရွာဒေသများလည်း လိုက်ဖက်ညီစွာ ဖွံ့ဖြိုးတိုးတက်လျက် ရှိနေကြသည်။ မော်လမြိုင်ကျွန်းဒေသ သည် မြစ်ချောင်းများ ပေါများသဖြင့် ယခင်က ဒေသဖွံ့ဖြိုးမှု နည်းပါးခဲ့သည်။ ယခုတော့ မြို့နယ်အတွင်းရှိ ကျေးရွာများသည် လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်လာသဖြင့် ကျေးရွာနေ ပြည်သူများသည် ဆိုင်ကယ်ကိုယ်စီဖြင့် မော်လမြိုင်ကျွန်းမြို့သို့ တိုက်ရိုက်ဆက်သွယ် သွားလာလျက်ရှိနေကြသည်။ ဖွံ့ဖြိုးဝေဆာ သာယာနေကြပြီ ဖြစ်သည်။ 

ဝါးခယ်မမြို့ခရီးစဉ်

မြစ်ဝကျွန်းပေါ် လမ်းကွန်ရက် အတွင်းပါဝင်သော ဝါးခယ်မမြို့သို့လည်း စာရေးသူ ဩဂုတ် ၂၅ ရက်က အိုးဝေ သုံးဘီးယာဉ်ဖြင့် သွားရောက်ခဲ့သည်။ မော်လမြိုင်ကျွန်းမှ ဝါးခယ်မသို့ ခရီးသည် တစ်နာရီခန့်မျှသာ ဖြစ်သည်။ နံနက် ၇ နာရီတွင် မော်လမြိုင်ကျွန်းမြို့မှ ဝါးခယ်မမြို့သို့ စထွက်ခဲ့သည်။ 
မော်လမြိုင်ကျွန်း - ဝါးခယ်မ ခရီးစဉ်၌ အရေးပါသော မြစ်ကူးတံတား သုံးစင်းမှာ စော်ကဲမြစ်ကူးတံတား၊ ကျွန်းပြဿဒ် မြစ်ကူးတံတားနှင့် ဝါးခယ်မမြစ်ကူး တံတားတို့ ဖြစ်သည်။ စော်ကဲမြစ်ကူး တံတားမှ ကျွန်းပြဿဒ် မြစ်ကူးတံတားအထိ ၅ မိုင် ၄ ဖာလုံ၊ ကျွန်း ပြဿဒ် မြစ်ကူးတံတားမှ ဝါးခယ်မမြို့ အထိ ၁၁ မိုင် ၁ ဖာလုံ၊ ကျွန်းပြဿဒ် မြစ်ကူး တံတားမှ ပုသိမ်မြို့ အထိ ၆၇ မိုင် ၄ ဖာလုံသာ ကွာဝေးပေသည်။

အရေးပါသော မြစ်ကူးတံတားများ

ယင်းဆက်သွယ်ရေး လမ်းခရီး၌ အရေးပါသော စော်ကဲမြစ်ကူးတံတားသည် အရှည်ပေ ၂၄၆၀၊ ကျွန်းပြဿဒ် မြစ်ကူးတံတားသည် အရှည်ပေ ၂၃၆၀ ရှိသည်။ ကျွန်းပြဿဒ်မြစ်ကူးတံတားမှာ မော်လမြိုင်ကျွန်းမြို့နယ်နှင့် ဝါးခယ်မမြို့နယ်တို့အား ကူးလူးဆက်သွယ်ထားသည့် မြစ်ကူးတံတား ဖြစ်သည်။ ကျွန်းပြဿဒ် မြစ်ကူးတံတား ဖြတ်ကျော်ပြီးလျှင် ဝါးခယ်မမြို့နယ်ထဲသို့ ရောက်သည်။ ဧရာဝတီတိုင်းဒေသကြီး၏ စပါး စိုက်ပျိုးသော မြို့နယ်များထဲ၌ မော်လမြိုင်ကျွန်းမြို့နယ်၊ ဘိုကလေး မြို့နယ်နှင့် ဝါးခယ်မမြို့နယ်တို့မှာ စပါးအများဆုံး စိုက်ပျိုးသော မြို့နယ်များထဲတွင် အပါအဝင်ဖြစ်သည်။ လယ်ယာသီးနှံ စပါးကို အားထားစိုက်ပျိုးသော မြို့နယ်များ ဖြစ်ကြသည်။

အိုးဝေသုံးဘီးယာဉ် တစ်နာရီခန့် မောင်းပြီးသောအခါ ကြည်လင်သော မိုးကောင်းကင်အောက်ဝယ် ဝါးခယ်မ မြစ်ကူးတံတားကြီးကို ဘွားခနဲ မြင်တွေ့လိုက်ရသည်။ ဝါးခယ်မမြစ်ကူး တံတားမှာ ခံ့ညားထည်ဝါလွန်းလှသည်။ ဝါးခယ်မမြစ်ကူးတံတားသည် ဝါးခယ်မ- ရန်ကုန်ခရီးလမ်း၊ ဝါးခယ်မ- အိမ်မဲလမ်း၊ ဝါးခယ်မ - အိမ်မဲ- မြောင်းမြလမ်း၊ ဝါးခယ်မ- မြောင်းမြ- ပုသိမ်လမ်းတို့တွင် အရေးပါသော မြစ်ကူးတံတားတစ်စင်း ဖြစ်သည်။
ဝါးခယ်မမြို့တွင်းသို့ လှမ်းဝင်လိုက်သောအခါ သစ်ပင်ပန်းမန်များ၊ သစ်ပင်သစ်ရိပ်များဖြင့် စိမ်းစိုလန်းဆန်း သာယာ သော မြင်ကွင်းများက စာရေးသူတို့ အဖွဲ့ကို ဆီးကြိုနေကြသည်။ ဝါးခယ်မမြို့ ဆိပ်ကမ်းမြင်ကွင်းအလှ၊ သန့်ရှင်းသာယာ သပ်ရပ်နေသော ဝါးခယ်မမြို့ မြို့တွင်းလမ်းမကြီးနှင့် လမ်းသွယ်များ၊ နေအိမ်တိုက်တာ အဆောက်အအုံများကိုလည်း တွေ့မြင်ခဲ့ရသည်။ စာရေးသူ ဝါးခယ်မမြို့သို့ မရောက်သည့် ၁၀ နှစ်ခန့် အတွင်း ဝါးခယ်မမြို့မှာ အပြောင်းလဲကြီး ပြောင်းလဲတိုးတက်နေသည်။ မြို့ပေါ်အနှံ့ လည်ပတ်ရင်း ဝါးခယ်မရှိ တန်ခိုးကြီး ဘုရားများကိုလည်း ဖူးမြော်ခဲ့ကြသည်။ ဝါးခယ်မရှိ မိတ်ဆွေများနှင့် တွေ့ဆုံ စကားဝိုင်းဖွဲ့ပြီး၊ ဒေသဖွံ့ဖြိုးရေး အကြောင်း၊ လမ်းပန်းဆက်သွယ်ရေး အကြောင်း၊ ဟိုအကြောင်းသည် အကြောင်း ပျော်ရွှင်စွာ စကားဝိုင်းဖွဲ့မိ ကြသည်။ သူ့အမြင် ကိုယ့်အမြင် ဆွေးနွေးခဲ့ကြသည်။

အနှစ်ချုပ်တင်ပြရလျှင် ဧရာဝတီ တိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၌ စပါးအများဆုံး ထွက်ရှိသည့် နိုင်ငံ့ စပါးကျီ ဖြစ်သည်။ ယခင်က ဧရာဝတီ တိုင်းဒေသကြီးသည် မြစ်ချောင်းများ ပေါများသဖြင့် ဒေသဖွံ့ဖြိုးမှု အားနည်း ခဲ့သော်လည်း ယခုအခါ မြစ်ကြီးများကို ဖြတ်ကျော်၍ မြစ်ကူးတံတားကြီးများ နိုင်ငံတော်က တည်ဆောက်ပေးလိုက်သောအခါ လမ်းပန်းဆက်သွယ်ရေးမှာ တဟုန်ထိုး ဖွံ့ဖြိုးတိုးတက်လာသည်။ ကုန်းလမ်းခရီးပေါက်လာသည်။ တစ်မြို့နယ်နှင့် တစ်မြို့နယ် အချိန်မရွေး အခါမရွေး ဆက်သွယ်သွားလာနိုင်ကြပြီဖြစ်သည်။ 

မြစ်ဝကျွန်းပေါ်ဒေသ လမ်းကွန် ရက်အတွင်းပါဝင်သော ဘိုကလေး-မော်လမြိုင်ကျွန်းမှသည် ဝါးခယ်မဆီသို့ ခရီးစဉ်သည်ကား လမ်းကွန်ရက်များကြောင့် ဖွံ့ဖြိုးတိုးတက်နေပြီ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက် ရပေသည်။ ။