မြောက်ခင်ရန်းရွာတွင် မြေထိန်းနံရံတည်ဆောက်

ဂန့်ဂေါ   ၃၀   ဧပြီ

 

ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာတွင် လယ်ယာမြေနှင့် လူနေအိမ်များသို့ မြစ်သာမြစ် ရေကြီးသည့်အခါ၌ ရေထိုးမှုမှ ကာကွယ်နိုင်ရန် မြစ်သာမြစ် မြေထိန်းနံရံကို ယခုနှစ်အတွင်း ဆောက်လုပ်လျက်ရှိသည်။

 

အဆိုပါ မြေထိန်းနံရံကို အလျား ၆၀ ပေ၊ အနံ ၅ ပေ၊ အမြင့် ၆ ပေဖြင့် ဆောက်လုပ်လျက်ရှိပြီး ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် သိန်း ၅၀ ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။

 

လုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခြင်းဖြစ်၍ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးရဲညွန့်၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်မင်းထွန်းတို့ ပါဝင်သည့်အဖွဲ့သည် ယမန်နေ့က လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုကြပြီး လုပ်ငန်းဆိုင်ရာများ ဆွေးနွေးကြကြောင်း သိရသည်။

 

တောင်သားမောင်သန်း