မြောက်ကိုရီးယား အကြီးတန်းအာဏာပိုင်သုံးဦးကို အမေရိကန်က ပိတ်ဆို့ရန် လုပ်ဆောင်

အမေရိကန်နှင့် မြောက်ကိုရီးယားနိုင်ငံတို့၏ ညှိနှိုင်းဆွေးနွေးမှုများ အောင်မြင်တိုးတက်မှု သိသိသာသာ မဖြစ်ထွန်းသေးချိန်တွင် အမေရိကန်ပြည်ထောင်စုသည် မြောက်ကိုရီးယားမှ ထိပ်တန်းအာဏာပိုင်သုံးဦးကို လူ့အခွင့်အရေး အလွဲသုံးပြုလုပ်မှုဖြင့် ပိတ်ဆို့မှုများချမှတ်ရန် စီစဉ်နေကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။

စာရွက်စာတမ်းအထောက်အထားများအရ အရေးယူပိတ်ဆို့မည့် အာဏာပိုင်တစ်ဦးမှာ ကိုရီးယားအလုပ်သမားပါတီ၏ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ချိုယောင်ဟယ်ဖြစ်ပြီး ၄င်းသည် ပါတီ၊ အစိုးရနှင့် တပ်မတော်ကို ထိန်းချုပ်ရန်ကြိုးပမ်းနေသည်ဟု ဖော်ပြထားသည်။ နောက်တစ်ဦးမှာ မြောက်ကိုရီးယား၏ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနမှ ဂျုံကျုံထယ်ဖြစ်သည်။ ၄င်းသည် ဆင်ဆာလုပ်ငန်းဆောင်ရွက်မှုများနှင့် အာဏာအလွဲသုံးမှုများကို ညွှန်ကြားနေသူဖြစ်သည်ဟု အမေရိကန်ပြည်ထောင်စုက ပြောကြားခဲ့သည်။

လွတ်လပ်စွာ ရေးသားဖော်ပြခွင့်ကို ဖိနှိပ်သည်ဟုဆိုကာ နောက်ထပ်အကြီးတန်း အာဏာပိုင်တစ်ဦးဖြစ်သည့် ပတ်ကွမ်ဟို ကိုလည်း အမေရိကန်က ပိတ်ဆို့မှုပြုလုပ်ရန် စီစဉ်လျက်ရှိသည်။

ပိတ်ဆို့မှုသည် ဖော်ပြပါပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှုများကို ထိခိုက်စေမည်ဖြစ်ပြီး အမေရိကန်နိုင်ငံသားများနှင့် လုပ်ငန်းဆောင်ရွက်မှုများကိုလည်း တားမြစ်ပိတ်ပင်သွားမည်ဖြစ်ကြောင်းသိရသည်။ မြောက်ကိုရီးယားနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုသည် ကမ္ဘာပေါ်တွင်အဆိုးရွားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်သည်ဟု အမေရိကန်ပြည်ထောင်စုက ပြောကြားခဲ့သည်။

ဘဏ္ဍာရေးအတွင်းဝန် စတီဗင်မြူချင်သည် ပြီးခဲ့သည့်နှစ်က ကိုမားရောဂါဖြင့် ပြုံယမ်းမှပြန်ရောက်လာပြီး သေဆုံးသွားခဲ့သည့် အော်တိုဝမ်ဘီယာကိစ္စကို ထောက်ပြခဲ့သည်။ မြောက်ကိုရီးယားသည် ရာဇဝတ်မှုကျူးလွန်သည်ဟူသော စွပ်စွဲချက်များ ဖြင့်ထိန်းသိမ်းထားစဉ်အတွင်း ရက်စက်စွာပြုမူဆက်ဆံခဲ့သည်ဟု အမေရိကန်ပြည်ထောင်စုက စွပ်စွဲထားကြောင်းသိရသည်။

နောက်ဆုံးပြုလုပ်ခဲ့သည့် အရေးယူပိတ်ဆို့မှုများသည် အလွန်သိသာထင်ရှားခဲ့ပြီး မြောက်ကိုရီးယား အာဏာပိုင်များသည် ပြင်းထန်သည့် အရေးယူပိတ်ဆို့မှုများကို ရင်ဆိုင်ခဲ့ရသည်။ 

အင်န်အိတ်ချ်ကေ