မြောက်ဥက္ကလာပမြို့နယ်အတွင်း ရွှေဆွဲကြိုးလုယူသူ(၂)ဦးကို ဖမ်းဆီးရမိ

ရန်ကုန် ၄  ဇွန်

မေလ ၂၃ ရက်နေ့ ည ၈ နာရီ မိနစ် ၅၀ ခန့်က  မြောက်ဥက္ကလာပမြို့နယ် (ဆ)ရပ်ကွက် ကရဝိတ်(၁)လမ်း၊ အမှတ်(၄၅၀)နေ တရားလို ဦး----က ဘက်ထရီစက်ဘီးနောက်ထိုင်တွင် ၎င်း၏ဇနီးအား တင်ဆောင်၍ (ဆ)ရပ်ကွက်၊ ကရဝိတ်လမ်းအတိုင်း စီးနင်းလာစဉ် ဝဇီရာလမ်းထိပ်အရောက် အမည်မသိ အမျိုးသား (၁)ဦးက ဆိုင်ကယ်မောင်းနှင်ပြီး နောက်ထိုင်လိုက်ပါလာသော အမည်မသိအမျိုးသားတစ်ဦးက ဇနီးဖြစ်သူ၏ လည်ပင်းတွင်ဆွဲထားသော ရွှေဆွဲသီးပါရွှေဆွဲကြိုး(၁)ကုံး(စုစုပေါင်းတန်းဖိုးငွေ ၁၇၀၃၅၀၀ ကျပ်) အား ဆွဲဖြုတ်လုယူ ထွက်ပြေးသွားသောကြောင့် အဆိုပါရွှေဆွဲကြိုးလုယူသူ(၂)ဦးကို အရေးယူပေးပါရန် မြောက်ဥက္ကလာပမြို့မရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့သည်။

 

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင်များ၊ အရှေ့ပိုင်းခရိုင် မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် မြောက်ဥက္ကလာပမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ရပ်နှင့် ပတ်ဝန်းကျင် သက်သေများကို စုံစမ်းမေးမြန်း ရှာဖွေတွေ့ရှိချက်များအရ ရွှေဆွဲကြိုးလုယူထွက်ပြေးသွားသူ(၂)ဦးမှာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၄)ရပ်ကွက်၊ ပုဂံလမ်း၊ အမှတ်(၁၂၆၁)နေ လွင်မိုးအောင်(ခ)ဖိုးချစ် နှင့် ကိုဖြိုး(ခ)မင်းဇေအောင် တို့ဖြစ်ကြောင်း စုံစမ်း သိရှိရသဖြင့် ၎င်းတို့(၂)ဦးကို ဖမ်းဆီးရမိရေးဆက်လက် ဆောင်ရွက်ခဲ့ရာ ဇွန် ၂ ရက် မွန်းလွဲ ၃ နာရီက ၎င်းတို့၏နေအိမ်၌ ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် ဆိုင်ကယ်(၁)စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

စစ်ဆေးပေါ်ပေါက်ချက်အရ အမှုမှ သက်သေခံရွှေထည်ပစ္စည်းများကို ပြန်လည်သိမ်းဆည်းရရှိပြီးဖြစ်၍ လုယက်မှု ကျူးလွန်သူ လွင်မိုးအောင်(ခ)ဖိုးချစ် နှင့် ကိုဖြိုး(ခ)မင်းဇေအောင် တို့(၂)ဦးကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)