မြောက်ဦးမြို့အား ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်နိုင်ရေး ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ဆိုင်ရာများနှင့်ဆွေးနွေး

မြောက်ဦး ၃ သြဂုတ်

 

ရခိုင်ပြည်နယ်ရှိ မြောက်ဦးမြို့အား UNESCO ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးပွဲကို သြဂုတ် ၃ ရက်က ညောင်ပင်စျေးရပ်ကွက်ရှိ မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်စီမံခန့်ခွဲရေးရုံး၌ ကျင်းပပြုလုပ်ရာ ရှေးဟောင်းသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဦးသန်းထိုက်က မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသအဖြစ် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် စာရင်းတင်သွင်းနိုင်ရေးအတွက် ဆောင်ရွက်ချက်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားသည်။

 

ထို့နောက် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ပညာပေးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဉက္ကဋ္ဌ ဒေါက်တာတင်မာအောင်က မြောက်ဦးမြို့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်ရောက်နိုင်ရေးအတွက် သက်ဆိုင်ဌာနများနှင့် ပူးပေါင်းလုပ်ဆောင်သွားရန် လိုအပ်ကြောင်း၊ မြောက်ဦးရှေးဟောင်းမြို့တော်သည် ရေတံခါးများ၊ ကျုံးများ၊ ဆည်များဖြင့် တည်ဆောက်ခဲ့သောမြို့ဖြစ်ပြီး အမှိုက်သရိုက်များနှင့် ရှေးဟောင်းရေတံခါးများ ရှေးမှုမပျက် ရေစီးရေလာ ကောင်းမွန်စေရေးနှင့် သန့်ရှင်းသပ်ရပ်သည့် ရှေးဟောင်းမြို့တစ်မြို့ဖြစ်လာစေရန် မြောက်ဦးမြို့အား ပြည်သူများမှ ပူးပေါင်းပါဝင်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။

 

ယင်းနောက် မြောက်ဦးယဉ်ကျေးမှုရှေးဟောင်းချစ်သူများအဖွဲ့ ဒုဉက္ကဋ္ဌ ဦးသန်းမြင့်က ယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ကျောင်း၊ ကန်၊ ဘုရားများ၊ စေတီပုထိုးများ၊ ရေတံခါးများ၊ ကျုံးများနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နေရာများကို ခိုင်မာတောင့်တင်းသော သဲကျောက်များဖြင့် တည်ဆောက်ခဲ့သောကြောင့် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းနိုင်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသော မြို့နယ်အဆင့် ဌာဆိုင်ရာများမှ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် စာရင်းတင်သွင်းနိုင်ရေးအတွက် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများမှ သိရှိလိုသည်များအား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

 

ခရိုင်ပြန်/ဆက်

မြောက်ဦး