မြောက်ဦးမြို့၌ (၄၄)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် အလွတ်တမ်း စစ်တုရင်ပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြောက်ဦးမြို့တွင် ထမ္မရာဇ်ရပ်ကွက်ရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ခရိုင်အားစားနှင့်ကာပညာဦးစီးဌာန၊ ရခိုင်ပြည်နယ် စစ်တုရင်ဝါသနာရှင်များနှင့် Cent Chess Family တို့ပူးပေါင်း၍  ဒီဇင်ဘာ ၁၅ ရက်တွင် ကျရောက်မည့် (၄၄) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် အလွတ်တမ်း စစ်တုရင်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါ အားကစားရုံအတွင်း၌ စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါ အလွတ်တမ်းစစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲသို့ ရခိုင်ပြည်နယ် အားကစားနှင့် ကာပညာ ဦးစီးဌာန ပြည်နယ်အား/ကာမှူး ဦးအောင်စောမြ၊ မြောက်ဦးခရိုင်အား/ကာမှူး ဦးလှမြင့်အောင်၊ မြို့နယ်အားကာမှူး ဦးမောင်မောင်လတ်၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ 90 Cent Chess Family မှနာယက ဦးစံလှိုင်နှင့်အဖွဲ့ဝင်များ၊ မြောက်ဦးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဉက္ကဋ္ဌ ဦးအောင်ကျော်ဖြူနှင့် အလွတ်တမ်း စစ်တုရင်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်  မြန်မာနိုင်ငံအတွင်းမှ စစ်တုရင်ဝါသနာရှင်များ စုစုပေါင်း ၁၁၀ ခန့် တက်ရောက်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်အားကာမှူးနှင့် စည်ပင်သာယာရေးကော်မတီ ဉက္ကဋ္ဌတို့က အလွတ်တမ်း စစ်တုရင်ပြိုင်ပွဲဝင် အားကစားသမားများကို အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့သည်။

ယခု ကျင်းပပြုလုပ်သော အလွတ်တမ်းစစ်တုရင် ပြိုင်ပွဲကို ဒီဇင်ဘာ ၁၀ ရက်နေ့မှ ၁၅ ရက်ထိ နံနက် ၉ နာရီမှ ၁၂ နာရီထိလည်းကောင်း၊ မွန်းလွဲ ၁ နာရီမှ ၃ နာရီ  ထိလည်းကောင်း ယှဉ်ပြိုင်ချိန်များအား နှစ်ပိုင်းခွဲ၍ ၆ ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိသူများကို (၄၄) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားတွင် ဆုများအသီးသီး ပေးအပ်ချီးမြင့် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

ခရိုင်ပြန်/ဆက် မြောက်ဦး