မော်လိုက်မြို့၌ ပထမဦးဆုံးအကြိမ် ကျွဲနွားဈေးပွဲ ဖွင့်ပွဲကျင်းပ

မော်လိုက်   ၁၃    ဒီဇင်ဘာ       

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့၌ ပထမဦးဆုံးအကြိမ်ဖွင့်လှစ်သည့် ကျွဲနွားဈေးပွဲ ဖွင့်ပွဲကို ဒီဇင်ဘာ ၁၃ ရက် နံနက် ၉ နာရီက မော်လိုက်မြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်မြင့်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဝင်းက ကျွဲနွားပွဲဈေး ကောက်လိုင်စင်နှင့်ပတ်သက်သည့် အခြေအနေများ ကျွဲနွားပွဲဈေးနေရာ သတ်မှတ်ပေးထားမှုများ ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာမိုးကျော်နိုင်က ကျွဲနွားများ ကူးသန်းရောင်းဝယ်ရာတွင် လိုက်နာရမည့် ဥပဒေနည်းဥပဒေ စည်းမျဉ်းစည်းကမ်းများ တိရိစ္ဆာန်ကျန်းမာရေးနှင့်ပတ်သက်သည့် ကာကွယ်ဆေးထိုးနှံခြင်း ရောဂါဖြစ်ပွားသည့် ကျွဲနွားများ ရောင်းဝယ် ကူးသန်းမှုမရှိစေရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

မော်လိုက်မြို့နယ်၌ ယခုဖွင့်လှစ်သည့် ကျွဲနွားဈေးပွဲသည် ပထမဦးဆုံးဖြစ်ပြီး ကျွဲနွားဈေးပွဲ နေရာများအဖြင့် မြို့ပေါ်ခရစ်ယာန်သင်္ချိုင်းအနောက်ဘက်တွင် တစ်နေရာ ပန်းသာကျေးရွာတွင် ယာယီတစ်နေရာ ပြုလုပ်ပေးထားကြောင်း ကျွဲနွားပွဲဈေးဖွင့်လှစ်ပေးရခြင်းဖြင့် ပြည်သူများအတွက် ကျွဲနွားများအား လွတ်လွတ်လပ်လပ်ရောင်းချနိုင်တော့မည်ဖြစ်ကြောင်း ကျွဲနွာတန်ဖိုးဈေးများမှာ လည်း တန်ရာတန်ကြေးဖြင့် ရောင်းချနိုင်တော့မည်ဖြစ်သည့်အတွက် ပြည်သူများအတွက် စိုက်ပျိုး ရေးများသာမက မွေးမြူရေးလုပ်ငန်းများကိုပါ လုပ်ကိုင်နိုင်တော့မည့် အကျိုးကျေးဇူးများ ရရှိလာ နိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးဇော်ဇော်ထွန်း ပြောကြားချက်အရ သိရသည်။

မော်လိုက်သားလေး