မော်လိုက်မြို့နယ် ညောင်ဝန်းကျေးရွာတွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်(၂)လုံးအား ထပ်မံကြိုတင်ရွှေ့ပြောင်း

မော်လိုက် ၁၅ ဇူလိုင်      

     

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊ ညောင်ဝန်းကျေးရွာ၌ ချင်းတွင်းမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းပါးများပြိုကျလျက်ရှိရာ ဇူလိုင် ၁၅ ရက် နံနက် ၈ နာရီခွဲက ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးဆုံးရှုံးမှုမရှိစေရန် အန္တရာယ်ရှိသည့် နေအိမ်(၂)လုံးအား ထပ်မံကြိုတင်ရွှေ့ပြောင်းထားရကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

 

အဆိုပါ ချင်းတွင်းမြစ်ကမ်းပါးပြိုကျမှုကြောင့် ညောင်ဝန်းကျေးရွာတွင် ဇူလိုင်(၉)ရက်က နေအိမ်(၂)လုံး၊ ဇူလိုင်(၁၁)ရက်က နေအိမ်(၂)လုံးနှင့် ဇရပ်(ဘုန်းကြီးကျောင်း)တစ်ခု၊ ဇူလိုင်(၁၂) ရက်နေ့က နေအိမ်(၂)လုံးနှင့် ယနေ့တွင် နေအိမ်(၂)လုံး စုစုပေါင်း နေအိမ်(၈)လုံးနှင့် ဇရပ် (ဘုန်းကြီးကျောင်း)တစ်ခုတို့ကို  ပျက်စီးဆုံးရှုံးမှု မရှိစေရန် ကြိုတင်ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။

 

ဇူလိုင်(၉)ရက်နေ့မှ (၁၂)ရက်နေ့အတွင်း မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသည့် နေအိမ်(၆)လုံးနှင့် ဇရပ်(ဘုန်းကြီးကျောင်း)တစ်ခုတို့အတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တစ်အိမ်လျှင် ငွေကျပ် တစ်သိန်းနှုန်း၊ ထောက်ပံ့ရေးပစ္စည်း (၁၀)မျိုးပါ ပုံးတစ်ပုံးနှင့် တစ်ပတ်စာ ဆန်ဖိုး တစ်ဦးလျှင် ငွေကျပ်(၂၁၀ဝ)တို့ကို ထောက်ပံ့ပေးခဲ့ပြီး ယနေ့ကြိုတင်ရွှေ့ပြောင်းရသည့် နေအိမ်(၂) လုံးအတွက်ကိုလည်း ဆက်လက်ထောက်ပံ့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မော်လိုက်သားလေး