မော်လမြိုင်ကမ်းနားလျှောက်လမ်း (Mawlamyine Strand Walking Street) ဖွင့်ပွဲအခမ်းအနား စည်းကားသိုက်မြိုက်စွာ ကျင်းပ

မော်လမြိုင် ၁၈ ဇန်နဝါရီ          

မွန်ပြည်နယ် မော်လမြိုင်မြို့ ကမ်းနားလမ်းတွင် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (Culture Show) ယဉ်ကျေးမှု ဖျော်ဖြေရေးများပါဝင်သည့် Mawlamyine Strand Walking Street (မော်လမြိုင်ကမ်းနားလျှောက်လမ်း) ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၄ နာရီက စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ (Mawlamyine Strand Walking Street) မော်လမြိုင်ကမ်းနား လျှောက်လမ်းမုခ်ဦးကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးခင်မောင်ကြီး၊ စည်ပင်သာယာရေးနှင့်  ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒေသထွက် တိုင်းရင်းသားရိုးရာ အစားအစာများ၊ အဝတ်အထည်များ၊ အမှတ်တရပစ္စည်းများ၊ မုန့်ပဲသရေစာများနှင့် ဒေသထွက်သီးနှံများရောင်းချနေမှု ပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။

 

mdn

 

ဆက်လက်၍ ဒုတိယပိုင်းအခမ်းအနားကို (Culture Show) စင်မြင့်ရှေ့တွင် ကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက “ပြည်သူများစိတ်အပန်းပြေစေရန်၊ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ပေးနိုင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ (Mawlamyine Strand Walking Street) မော်လမြိုင်ကမ်းနားလျှောက်လမ်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ကမ္ဘာလှည့်ခရီးသည်များ၊ ပြည်တွင်း/ပြည်ပ ခရီးသွားများနှင့် မိဘပြည်သူများအနေဖြင့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ကြည့်ရှုခံစားနိုင်ရန်အတွက် (Culture Show) ကိုလည်း ထည့်သွင်းထားပါကြောင်း” ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသော ဧည့်သည်တော်များအား မွန်၊ ကရင်၊ ပအိုဝ်း တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အကအလှများ၊ ချင်းမိုင်-လန်နား ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ပြီး အကအဖွဲ့များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။

 

အဆိုပါ (Mawlamyine Strand Walking Street) မော်လမြိုင်ကမ်းနားလျှောက်လမ်းကို နေ့စဉ် မွန်းလွဲ ၃ နာရီမှ ည ၁၀ နာရီခွဲအထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝေလင်း(ပြန်/ဆက်)