မော်လမြိုင်မြို့တွင်၁၉ရက်ကြာ ပျောက်ဆုံးနေသည့် ဆရာဝန်သားအဖကို ကားနှင့်အတူ အတ္ထရံမြစ်အတွင်းမှ သေဆုံးလျက်ပြန်လည်တွေ့ရှိ

၂၅ ဒီဇင်ဘာ

မော်လမြိုင် ဒီဇင်ဘာ ၂၄ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ဒီဇင်ဘာ ၅ ရက်နေ့ကတည်းက ပျောက်ဆုံးခဲ့သည့် ဒေါက်တာ အေးဇော်ထွန်းနှင့် သားဖြစ်သူ မောင်စသုတမွန်တို့နှစ်ဦး ၁၉ ရက် အကြာ ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ရွှေမြိုင်သီရိ ရပ်ကွက် အရှေ့မျှော်လင့် (၁) ရပ်ကွက် လှေဆိပ်အနီးရှိ အတ္ထရံမြစ်အတွင်းမှ ပြန်လည်ဆယ်ယူရရှိခဲ့ကြောင်း (အောက်ပုံ) မော်လမြိုင်မြို့ လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ဒီနေ့မနက် ၇ နာရီလောက်မှာ မြို့နယ်ရဲတပ်ဖွဲ့မှူးက လှမ်းခေါ်တာ။ ဒီကိုရောက်တော့ ရဲတပ်ဖွဲ့က စုစည်းထားတဲ့ CCTV မှတ်တမ်းကို အအဆုံးကြည့်ပါတယ်။ နောက်ဆုံး CCTV မှတ်တမ်းမှာ သူ့အိမ်ဘက် ၁၁နာရီကျော်လောက်မှာ သွားတဲ့မှတ်တမ်းကို တွေ့ရတယ်။ အဲဒီ ( မှတ်တမ်းအရဆိုရင်တော့ ဖြစ်နိုင်ခြေများတယ်။ နောက်ပြီးတော့ မော်တော်ယာဉ်ဝင်သွားတဲ့ အနေအထားက ပြုတ်ကျနိုင်တဲ့ အနေအထားကလည်း ရှိတဲ့အခါကျတော့ ရေအောက်ရှာဖွေ ကယ်ဆယ်ရေးသမားတွေနဲ့ ရှာဖွေခဲ့တယ်။ မူလရှာဖွေတာက ဆင်းသွားနိုင်တဲ့ ဘက်ကိုရှာတယ်။ ဘယ်လိုမှရှာမတွေ့ဘူး။ ရေဆန်ဘက် ရှာသွားတဲ့အခါမှာ မနက် ၁၀ နာရီနဲ့ ၁၁ နာရီကြားမှာ ပက်လက်လန် အနေအထားနဲ့ ကားဘီးကို စတင်တွေ့ရှိခဲ့တယ်။ ဒါပေမယ့် ဘယ်သူ့ကားမှန်း မသိသေးဘူး။ အဲဒါနဲ့ ကော်ပီပါပုံး ၁၂ လုံးနဲ့ ရေထည့်ပြီး ရေငုပ်ပြီးတော့မှ ဒီဟာကို ဆွဲတင်တယ်။ DeadBody က ထုတ်ရခက်တဲ့ အနေအထား ဖြစ်နေတဲ့အတွက်ကြောင့် ကရိန်း နဲ့တင်ပြီး ဆေးရုံကြီး ရင်ခွဲရုံကိုရောက်မှ ထုတ်ရတာပါ။ သားအဖ နှစ်ယောက်ကိုလည်း တွေ့ပါတယ်။ ခန္ဓာကိုယ်မှာ ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်း အားလုံးလည်း အဲဒီ ဝတ်ဆင်ထားတဲ့ အတိုင်းပဲ ပြန်တွေ့ခဲ့ပါတယ် ” ဟု မော်လမြိုင်မြို့ ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ် ရေးအဖွဲ့မှ ကိုဘိုဘိုဝင်းက ပြော သည်။

CCTV မှတ်တမ်းအရ ရှာဖွေ

“ပထမဆုံးဖြစ်စဉ်ဖြစ်ပြီးတော့ စရှာတဲ့အချိန်မှာ ကျွဲခြံကုန်းက ဆိုင်တစ်ဆိုင်ရဲ့ CCTV မှတ်တမ်း အရ ငန်းတေး၊ ခြောက်မိုင်၊ ရွာသစ်၊ မင်းရွာ၊ တောင်ပိုင်းအစရှိတဲ့ အဲဒီဘက် က အကုန်လုံးကို နှစ်ရက်တိတိ ရှာဖွေ ခဲ့ပါသေးတယ်။ CCTV မှတ်တမ်းက အဲဒီမှာဆုံးသွားတယ်၊ ရှာမတွေ့ခဲ့ဘူး။

နောက်ပြီးတော့မှ ရဲတပ်ဖွဲ့နဲ့ အထူး စုံစမ်းစစ်ဆေးရေး တပ်ဖွဲ့က

ကောက်ချက်ချပြီးတော့မှ ပြန်လိုက်တဲ့အခါကျတော့ ဂေါက်ကွင်းနားကနေ ပြန်မိတဲ့ ကင်မရာကနေပြီးတော့မှ ကျွန်တော်တို့တွေ့တုန်းက အဝိုင်းပတ်သွားတယ်၊ သူတို့တွေ့တာက အဝိုင်း ပတ်ပြီးတော့မှ ဒီဘက်ကိုပြန်လာတယ်။ အဲဒါကြောင့် ဒီနေရာမှာ ဖြစ်နိုင်ခြေများတယ်ဆိုပြီးတော့ ပြန်ရှာဖွေခဲ့တာပါ ဟု ၎င်းကဆက်လက် ပြောသည်။

အဆိုပါကားမှာ ရေတက်သည့် အချိန်က ကျထားနိုင်သည့်သဘော ဖြစ်နေကြောင်း၊ ကားကို ရေအောက် တွင် စမ်းမိသည့်အချိန်မှာ ပက်လက်လှန် အနေအထားမြုပ်နေသည်ကို စမ်းမိခဲ့သည်ဟု ယင်းနေရာ၌ ရှာဖွေ ပေးနေသော ရေငုပ်သမား တစ်ဦးက ပြောသည်။

တစ်ခု တောင်းဆိုချင်တာက အခုကမ်းနားနေရာက ညဆိုရင် မောင်းနှင်လာရင်တော့ တစ်ခါတည်း မြစ်ထဲကျသွားမှာပဲ။ ဘာအတားအဆီး အကာအကွယ်မှ မရှိဘူး။ သက်ဆိုင်ရာအနေနဲ့ ဒီနေရာကို အတားအဆီး အကာအကွယ် လုပ်ပေးစေချင်တယ်။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲကျော်ကျော်ကလည်း ဒီနေရာမှာ ကားတစ်စီး ကျခဲ့ပါသေးတယ်။ လူတော့ ထိခိုက်မှု မရှိခဲ့ပါဘူး ဟု ကိုဘိုဘိုဝင်းက ဆက်လက် ပြောကြားသည်။

လူပျောက်တိုင်ဖြစ်စဉ်မှာ ဒီဇင်ဘာ ၅ ရက် ည ၇ နာရီခန့်က မော်လမြိုင်မြို့ ရွှေမြိုင်သီရိရပ်ကွက် ရွှေမြိုင်သီရိ မျှော်လင့်ရပ်နေ ဒေါက်တာ အေးဇော်ထွန်းနှင့် သားဖြစ်သူ မောင်စသုတမွန်တို့မှာ Toyota Wish အမျိုးအစား ခဲရောင်မော်တော်ယာဉ်ဖြင့် မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် ဖက်ခင်းလမ်းရှိ ဧရာဝတီ စားသောက်ဆိုင်တွင် ဒေါက်တာ အေးဇော်ထွန်း၏ သူငယ်ချင်းများဖြစ်သူ ဦးမျိုးမင်းအောင်၊ ဦးဝေယံထွန်းတို့နှင့်အတူ စားသောက်ကြပြီး ည ၁၀ နာရီခန့်တွင် နေအိမ်အသီးသီးသို့ ပြန်ခဲ့ကြရာ ဒေါက်တာ အေးဇော်ထွန်းနှင့် ၎င်း၏သား ဖြစ်သူတို့မှာ နေအိမ်သို့ပြန်လည် ရောက်ရှိလာခြင်းမရှိဘဲ မော်တော် ယာဉ်နှင့်အတူ ပျောက်ဆုံးနေသဖြင့် ဒေါက်တာ အေးဇော်ထွန်း၏ ဖခင်ဖြစ်သူ ဦးအေးလှိုင်က မုပွန်နယ်မြေ ရဲစခန်းတွင် လူပျောက်တိုင်တန်း ထားခြင်းဖြစ်ကြောင်း မုပွန် နယ်မြေရဲစခန်းမှ သိရသည်။

ကိုဟိန်း(ပေါင်)