မြောင်းမြတွင် အလုပ်အကိုင် ရှာဖွေရေး နည်းပညာ သင်တန်း အခမဲ့ ဖွင့်လှစ်မည်

မြောင်းမြ ၁၂ ဒီဇင်ဘာ 

လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေးအတွက် မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ အလုပ်အကိုင်ရှာဖွေရေး နည်းပညာ သင်တန်း အမှတ်စဉ်(၁)ကို မြောင်းမြခရိုင် Community Centre တွင် အခမဲ့ ဖွင့်လှစ်သင်ကြားပေး သွားမည်ဖြစ်သည်။

သင်တန်းတွင် လူငယ်များ လုပ်ငန်းခွင် ဝင်ရန် လိုအပ်သည့် အရည်အသွေးများ စုဆောင်းတတ်ရန် အချက်များ၊ ဆိုရှယ်မီဒီယာဖြင့် အလုပ်အကိုင် ရှာဖွေခြင်း နည်းလမ်းများ၊ CV ရေးနည်း၊ အင်တာဗျူး ဖြေဆိုရန်နည်းလမ်း၊ မိမိကိုယ်ကို ယုံကြည်မှု ထားရှိရန် နည်းလမ်းများအား သင်ကြားပို့ချသွားမည်ဖြစ်သည်။

အဆိုပါ သင်တန်းကို  Ms.Suni Education Foundation သင်တန်းဆရာမ Suni မှ ဒီဇင်ဘာ ၁၅ ရက်မှ ၁၆ ရက်အထိ နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီထိ သင်ကြားပို့ချမည်ဖြစ်ပြီး တက်ရောက်လိုသူများ အနေဖြင့် မြောင်းမြခရိုင် ပြန်/ဆက်ရုံးရှိ လူထုအခြေပြု ဗဟိုဌာနတွင် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

စန္ဒာမိုး(ပြန်ဆက်)