မြောင်းမြတံတားအသစ်အား သံမဏိသံပေါင်တံတားအဖြစ် အမျိုးအစားပြောင်းလဲကာ တစ်နှစ်အတွင်း အပြီးတည်ဆောက်သွားရန် လျာထားဆောင်ရွက်

မြောင်းမြ ၁၂ ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်ရှိ မြောင်းမြတံတားအသစ်အား မြောင်းမြကြိုးတံတား၏ ရေစုန်ဘက်အခြမ်းတွင် ၄၆ ပေခွာ၍ ၂၀၁၇ ခုနှစ် မေ ၁ ရက်က စတင်တည်ဆောက်ခဲ့ပြီး တည်ဆောက်ဆဲ တံတားပုံစံမှာ ပင်မတံတား အရှည် ၂၉၀ မီတာ၊ ချဉ်းကပ်တံတား တစ်ဖက်လျှင် ၂၇၀ မီတာစီ (၅၄၀ မီတာ) ဖြင့် စုစုပေါင်း အရှည် ၈၃၀ မီတာ (၂၇၂၃ ပေ) ရှိကြောင်း သိရသည်။

 

ယခုအခါ ချဉ်းကပ်တံတား အုတ်မြစ်လုပ်ငန်းများဖြစ်သည့် Bored Pile နှင့် Spun Pile များကို ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ချဉ်းကပ်တံတားတိုင် (Shaft) များအား တည်ဆောက်လျက်ရှိပြီး  ချဉ်းကပ်တံတားများအား ကြိုတင်အားဖြည့် ကွန်ကရစ် PC ရက်မများနှင့် ကွန်ကရစ်ကြမ်းခင်းပုံစံဖြင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ခရီးသွားပြည်သူများ သွားလာမှု လွယ်ကူချောမွေ့စေရန် ပင်မတံတားအပိုင်းကို ဂျပန်အင်ဂျင်နီယာများဖြင့် ညှိနှိုင်းတိုင်ပင်၍ သံမဏိသံပေါင် တံတားအဖြစ် အမျိုးအစားပြောင်းလဲကာ တစ်နှစ်အတွင်း အပြီးတည်ဆောက်သွားရန် လျာထားဆောင်ရွက်လျက်ရှိရာ အဆိုပါ တံတားအသစ် တည်ဆောက်နေမှုနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ တံတားအမျိုးအစား ပြောင်းလဲတည်ဆောက်မှုနှင့် အရည်အသွေး ကောင်းမွန်အောင် ဆောင်ရွက်နေမှု အခြေအနေများ၊ တံတားဟောင်း ဆယ်ယူမည့် အခြေအနေများအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများအား မြန်မာ့သတင်းစဉ်က တွေ့ဆုံမေးမြန်းခဲ့သည်။ 

 

 

ညွှန်ကြားရေးမှူးချုပ် ဦးရွှေလေး
(ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန)

 

မေး။ မြောင်းမြတံတားအသစ် တည်ဆောက်ပြီးစီးမှုအပိုင်းနဲ့ တံတားဟောင်း ဆယ်ယူသွားမယ့် အခြေအနေကို သိပါရစေ။

 

ဖြေ။ တံတားဟောင်းကြီးက ခံနိုင်ဝန်ကျဆင်းလာတဲ့ အချိန်မှာ တံတားအသစ်ကြီးက ၁၅ ရာခိုင်နှုန်းပြီးစီးနေပါပြီ။ အသေးစိတ်ပြောရရင်တော့ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းမှာ Bored  Pile လုပ်ငန်းတွေ ဆောင်ရွက်ပြီးစီးနေပါပြီ။ မြောင်းမြဘက်ကမ်းမှာဆိုရင် တံတားရဲ့ ဆက်တိုင်ကြီးတွေတောင် တည်ဆောက်နေပါပြီ။ အခုလို တံတားအသစ် တည်ဆောက်နေချိန်မှာပဲ တံတားအဟောင်း ပြတ်ကျသွားတဲ့အတွက် တံတားအဟောင်း ဖျက်သိမ်းရေးကို အမြန်ဆုံးဆောင်ရွက် နေပါတယ်။ အဲဒီလို တည်ဆောက်တဲ့နေရာမှာ အဓိကအနေနဲ့ အပိုင်းသုံးပိုင်းနဲ့ ဆောင်ရွက်နေပါတယ်။ ပထမအနေနဲ့ ရေထဲမှာကျနေတဲ့ တံတားသံဘောင် အစိတ်အပိုင်းကို အမြန်ဆုံး ဆယ်ယူဖယ်ရှားနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ဒါမှသာလျှင် မည်သည့် သင်္ဘောမျိုးမဆို ဖြတ်သန်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အခုလည်း စက်လှေ၊ သမ္ဗာန်တွေကို ဖြတ်သန်းခွင့် ပြုထားပါတယ်။ သင်္ဘောကြီးတွေကိုလည်း ရေလမ်းကြောင်းပြ အမှတ်အသားတွေနဲ့ ရေလယ်ကနေ ဖြတ်သန်းခွင့်ပြုထားပါတယ်။ ရေရှည်အားဖြင့် ကောင်းမွန်အောင် ကျွန်တော်တို့အနေနဲ့ ရေအောက်မှာ မြုပ်နေတဲ့ တံတားအပျက်ကို ဧပြီလကုန်အတွင်း အပြီးသတ် ဖယ်ရှားသွားမှာဖြစ်ပါတယ်။ အခုလည်း ရေငုပ်အဖွဲ့တွေ လုပ်ငန်းဆောင်ရွက်နေပါပြီ။ အခုဆိုရင် တံတားဆယ်ယူရေး ကျွမ်းကျင်အဖွဲ့တွေလည်း ရောက်ရှိနေပါပြီ။ သူတို့နဲ့ ဆယ်ယူသွားမှာဖြစ်ပါတယ်။ ကုန်းပေါ်မှာရှိနေတဲ့ တံတားတိုင်းတွေလည်း ယိုင်သွားတာ တွေ့ကြမှာပါ။ အဲဒါတွေကိုလည်း မြစ်အတွင်းကိုလဲကျမသွားအောင် လိုအပ်တဲ့ အစီအမံတွေ ဆောင်ရွက်ထား ပြီးဖြစ်ပါတယ်။ ဒီတိုင်တွေကို မတ်တိုင်တွေအဖြစ် ကွန်ကရစ်နဲ့ အောက်ခြေကနေပြီး အသေငုံပြီးလောင်းထားပါတယ်။ ယိုင်သွားလို့မရဘဲ ထပ်မံစိတ်ချရအောင် ကုန်းပိုင်းကနေ စတီးကြိုးတွေနဲ့ ဆိုင်းထားပါတယ်။ ဒါတွေအားလုံး လက်ရှိမှာ ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ ကုန်ပေါ်မှာဆိုရင်လည်း PC ရက်မတိုင်ကြီးတွေ ရှိပါတယ်။ အဲဒါတွေကိုလည်း ဖျက်သိမ်းသွားဖို့ အတွက်ဆောင်ရွက်နေပါတယ်။

 

မေး။ မြောင်းမြတံတားအသစ်ကို မူလအမျိုးအစား အတိုင်းမဟုတ်ဘဲ အမျိုးအစား ပြောင်းလဲတည်ဆောက်ရတဲ့ အကြောင်းအရင်းနဲ့ အပြီးသတ်တည်ဆောက်သွားမယ့် ကာလကို ပြောကြားပေးပါဦး။

 

ဖြေ။ တံတားအသစ်ကို အရင်မူလပုံစံအတိုင်း ဆောင်ရွက်မယ်ဆိုရင် PC Box Girder နဲ့ ဆောင်ရွက်ရမယ်။ ကွန်ကရစ် PC Box  Girder ဆိုတာ ချက်ချင်းသွန်းလောင်းလို့ မရပါဘူး။ သတ်မှတ်ထားတဲ့အတိုင်း ခံနိုင်ရည်တစ်ခုရရှိအောင် အချိန်စောင့်ဆိုင်းပြီး အပိုင်းအလိုက် တစ်ပိုင်းချင်း ဆောင်ရွက်သွားရမယ့် အနေအထားဖြစ်ပါတယ်။ အဲဒီလို မျိုးဆောင်ရွက်ရင် အချိန်အားဖြင့် နှစ်နှစ်လောက် ကြာမြင့်မှာဖြစ်ပြီး မြောင်းမြရဲ့ ဟိုဘက်ကမ်း ဒီဘက်ကမ်းကို နေ့စဉ် မော်တော်အစီးရေ ၅၀ဝ ခန့်နဲ့ လူဦးရေ ထောင်ချီ သွားလာနေတဲ့အတွက်ကြောင့် အမြန်ဆုံးတည်ဆောက်ဖို့ လိုအပ်တာကြောင့် ကျွန်တော်တို့ ဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးအနေနဲ့ အမြန်ဆုံး တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဆုံးဖြတ်ချက်အရ Steel Truss အမျိုးအစား ပြောင်းလဲပြီး တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ပင်မတံတားကိုလည်း ကျွန်တော်တို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနအနေနဲ့ (၂၀၁၇-၂၀၁၈) ဘဏ္ဍာနှစ်မှာ စတင်ပြီး တည်ဆောက်ခဲ့တာ အခုဆိုရင် လုပ်ငန်းပြီးစီးမှုအနေနဲ့ (၁၅ ဒသမ ၅) ရာခိုင်နှုန်း တည်ဆောက်ပြီးစီးနေပြီ ဖြစ်ပါတယ်။

 

ဒါပေမယ့် ပင်မရေထဲက ခန်းဖွင့်ကို PC Box Girder အစား Steel Truss အမျိုးအစားအဖြစ် တည်ဆောက်သွားမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ရည်မှန်း ချက်ကတော့ ၂၀၁၉ ခုနှစ် ဧပြီလအတွင်း အပြီးတည်ဆောက်ဖို့ လျာထားပါတယ်။ ဒါကိုလည်း ပြည်ထောင်စုဝန်ကြီးက အထက်ကို တင်ပြထားပြီးဖြစ်ပါတယ်။ တံတားအသစ် တည်ဆောက်မယ့် ခန့်မှန်းခြေ ငွေစာရင်းကိုတော့ ရေးဆွဲနေဆဲဖြစ်ပါတယ်။ မူလ မှန်းထားတဲ့ စီမံကိန်း ကုန်ကျငွေထက် မများအောင်တော့ စိစစ်ရေးဆွဲ နေဆဲဖြစ်ပါတယ်။ အခုလို တံတားအသစ်သာ တည်ဆောက်ပြီး စီးသွားမယ်ဆိုရင် မြန်မာနိုင်ငံမှာ သတ်မှတ်ထားတဲ့ မည်သည့်ကားမျိုးမဆို ဖြတ်သန်းအသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် အများကြီး အကျိုးရှိမှာ ဖြစ်ပါတယ်။ 

 

 

ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမျိုးဝင်း
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၁) 

 

မေး။ မြောင်းမြတံတားအသစ် တည်ဆောက်နေမှုနဲ့ပတ်သက်ပြီး အရည်အသွေး ကောင်းမွန်အောင် ဆောင်ရွက်နေတဲ့ အပိုင်းကို သိပါရစေ။ 

 

ဖြေ။ တံတားအသစ်ရဲ့ ဖောင်ဒေးရှင်း အပိုင်းကိုတော့ နှစ်မျိုးစဉ်းစားပြီးဆောင် ရွက်ပါတယ်။ အလုပ်လျင်မြန် လွယ်ကူအောင် ချဉ်းကပ်တံတား မြောင်းမြဘက်ကမ်းကိုတော့ ကျွန်တော်တို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက Bored  Pile တူးတဲ့ လုပ်ငန်းတွေကို သတ်မှတ်ထားတဲ့ အနက်ပေ၊ အရည်အသွေးနဲ့ စံချိန်စံညွှန်းအတိုင်း ဆောင်ရွက်နေပါတယ်။ အဲဒီလို Bored  Pile တူးရင်းနဲ့လည်း ချဉ်းကပ်တံတား ပုသိမ်ဘက်ကမ်းမှာ IHI ကုမ္ပဏီက ဂျပန်ပညာရှင်တွေနဲ့ ဂျပန်နည်းပညာအတိုင်း Spun Pile ရိုက်သွင်းတဲ့ ဖောင်ဒေးရှင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ အခုဆိုရင် ချဉ်းကပ်တံတား မြောင်းမြဘက်ကမ်းနဲ့ ချဉ်းကပ်တံတား ပုသိမ်ဘက်ကမ်းမှာ ဖောင်ဒေးရှင်းလုပ်ငန်းတွေ အားလုံးဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။

 

အရည်အသွေးစစ်ဆေးမှု အပိုင်းကိုတော့ တံတားဦးစီးဌာန ရုံးချုပ်က အရည်အသွေး စစ်ဆေးရေးအဖွဲ့တွေနဲ့ စစ်ဆေးပါတယ်။ ဖောင်ဒေးရှင်းလုပ်ငန်းကိုလည်း ဂျပန်ပညာရှင်တွေကိုယ်တိုင် အရည်အသွေးစစ်ဆေးပါတယ်။ Pile တွေကိုတော့ ဂျပန် ပညာရှင်တွေက မှော်ဘီမြို့နယ်၊ ကုလားကုန်းမှာရှိတဲ့ သူတို့ရဲ့ စက်ရုံကနေ အရည်အသွေး စစ်ဆေးပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။ အဲဒီ Pile တွေကို သယ်ယူပြီး ရိုက်သွင်းခြင်းလုပ်ငန်းကို သူတို့ကိုယ်တိုင် ဆောင်ရွက်ပါတယ်။ ဂျပန်ပညာရှင်တွေ အရည်အသွေးစစ်ဆေးထားတဲ့ အချက်အလက် မှတ်တမ်းမှတ်ရာတွေကိုလည်း သေချာထားရှိပြီးတော့ Pile ရိုက်သွင်းခြင်းလုပ်ငန်းကို ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ဆောင်ရွက်တဲ့ ချဉ်းကပ်တံတား မြောင်းမြဘက်ကမ်းကိုတော့ တံတားဦးစီးဌာနရုံးချုပ်ရဲ့ အရည်အသွေး စစ်ဆေးရေးအဖွဲ့တွေက စစ်ဆေးပါတယ်။ 

 

မေး။ လက်ရှိဆောင်ရွက်နေမှု အခြေအနေနဲ့ ဆက်လက်ဆောင်ရွက်သွားမယ့် အစီအစဉ်ကို ပြောပြပေးပါဦး။

 

ဖြေ။ လက်ရှိမှာ ဖောင်ဒေးရှင်းလုပ်ငန်းတွေပြီးတော့ ဖောင်ဒေးရှင်း အပေါ်မှာပြန်ပြီး အုပ်တဲ့ Pile ထိပ်အုပ် လုပ်ငန်းတွေကို မြောင်းမြဘက်ကမ်းမှာ အကုန်ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ပုသိမ်ဘက်ကမ်းမှာ Pile ထိပ်အုပ် လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ပါမယ်။ အခုဆိုရင် စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ Pile ထိပ်အုပ်ပြီးရင် ချဉ်းကပ်တံတားတိုင် (Shaft) တွေကို မြောင်းမြဘက်ကမ်းမှာ သွန်းလောင်းပြီးဖြစ်ပါတယ်။ ဒါ့အပြင် ကန့်လန့်ဖြတ် ရက်မ (ကြိုတင်အားဖြည့် သံကူကွန်ကရစ် ရက်မ) တွေကိုလည်း ဂျပန်ပညာရှင်တွေက မှော်ဘီမြို့နယ်၊ ကုလားကုန်းမှာရှိတဲ့ သူတို့ရဲ့ စက်ရုံမှာ စတင်သွန်းလောင်းနေပြီ ဖြစ်ပါတယ်။ ရက်မ စုစုပေါင်း ၇၂ ခုရှိပါတယ်။ မိုးတွင်းကာလမှာ စက်ရုံမှာ ထုတ်လုပ်မယ်။ မိုးကုန်တာနဲ့ မြောင်းမြတံတားအသစ် တည်ဆောက်ရေး လုပ်ငန်းခွင်ကို သယ်ယူပြီး တပ်ဆင်ခြင်း လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ထုတ်လုပ်မှု လုပ်ငန်းနဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကိုတော့ ဂျပန်ကုမ္ပဏီနဲ့ သဘောတူညီထားပြီး ဖြစ်ပါတယ်။ အဓိက ကျန်နေတဲ့ အပိုင်းဖြစ်တဲ့ ပင်မတံတား RP1 ၊ RP2 ၊ RP3 ၊ RP4 Bored  Pile လုပ်ငန်းတွေကိုလည်း Bored Pile စက်နှစ်စီးနဲ့ မြောင်းမြဘက်ကမ်းနဲ့ ပုသိမ်ဘက်ကမ်းမှာ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ 

 

မေး။ တံတားအသစ် တည်ဆောက်မှုနဲ့ပတ်သက်ပြီး ကြိုတင်လေ့လာမှုနဲ့ တွေ့ရှိချက်တွေရှိရင် ပြောပြပေးပါဦး။ အမျိုးအစား ပြောင်းလဲတည်ဆောက်မှုကြောင့် ကွဲပြားမှုတွေရှိရင် သိပါရစေ။

 

ဖြေ။ မြောင်းမြမြို့ရဲ့ ထူးခြားချက်က ကမ်းနားမှာ ဆန်စက်တွေတည်ထားပါတယ်။ ဆန်စက်တွေ တည်ထားတဲ့အတွက် တံတားတိုင်ကို စတင်ပြီး တည်ဆောက်စဉ်အချိန်တည်းက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ပညာရှင်တွေနဲ့အတူ ဖြစ်နိုင်ခြေရှိတဲ့ မြစ်ကမ်းပါး တိုက်စားနိုင်မှု အခြေအနေတွေကို ကြိုတင်လေ့လာပါတယ်။ အဲဒီလိုလေ့လာပြီးမှ မြစ်ကမ်းပါး မတိုက်စားနိုင်အောင် တံတားတိုင်နှစ်တိုင်ကို ကမ်းစပ်မှာတည်လိုက်ပါတယ်။ တံတားတိုင်နှစ်တိုင်ရဲ့ အကွာအဝေးဟာမီတာ ၁၄၀ ရှိပါတယ်။ တံတားတိုင်တွေကို ကုန်းပေါ်မှာတည်လိုက်ခြင်းအားဖြင့် မြစ်ကမ်းပါးတွေကို တိုက်စားမှုမရှိနိုင်ပါဘူး။ တံတားအသစ်ရဲ့ မူလအမျိုးအစားကနေ အဓိကပြောင်းလဲသွားတဲ့ အပိုင်းကတော့ ပင်မတံတားအပိုင်း ပဲဖြစ်ပါတယ်။ တံတားရဲ့ခံနိုင်ဝန်က မူလအတိုင်း  (ယာဉ်+ကုန်) တန် ၆၀ ဖြတ်သန်းနိုင်မှာ ဖြစ်သလို ချဉ်းကပ်တံတားအပိုင်းကလည်း ပြောင်းလဲမှုမရှိပါဘူး။

 

တွေ့ဆုံမေးမြန်း- ရဲခေါင်၊ ဇော်ကြီး
ဓာတ်ပုံ- ဇော်မင်းလတ်