မောင်တော၊ သီပေါ၊ မိုင်းနောင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၃ မတ်

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂ ရက် ညနေ ၅ နာရီခွဲက မောင်တောမြို့၊ မြို့မအရှေ့ရပ်ကွက်၊ ဦးဉတ္တမလမ်းတွင် ရပ်တန့်ထားသော Hilux အမျိုးအစား မော်တော်ယာဉ်ပေါ်သို့ ဆော်ဒူလာမိန်မှ ဆာလာအိတ်များ တင်ဆောင်နေသည်ကို တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ အဆိုပါအိတ်များအတွင်းမှ ငွေကျပ်သိန်း ၉၈၈၁၉ ဒသမ ၂ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၉၄၀၉၆၀ သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ယင်းနေ့ ညနေ ၃ နာရီခွဲတွင် နမ့်လန်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာအုပ်စု၊ မြောက်ပိုင်းကျေးရွာနေ အိုက်သန်းလေး (ခ) ဆန်းထွန်း၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၈၀၀ နှင့် မြန်မာငွေကျပ် ၁၅၀၀၀၀ တို့ကိုလည်းကောင်း၊ ထို့အတူ မတ်  ၁ ရက် ညနေ ၄ နာရီတွင်  တပ်မတော်မှ မိုင်းနောင်မြို့နယ်၊ ပန်ကိုင်းရွာအနီးတွင် မသင်္ကာဖွယ်တွဲကား ၃ စီးအားရှာဖွေရာ ၎င်းတွဲကားများအပေါ်မှ ဟိုက်ဒြိုကလိုရစ်အက်စစ် လီတာ ၁၉၂၀၀၊ အက်စီတုန်းလီတာ ၂၅၆၀၀၊ အီသိုင်းအက်စီတိတ် လီတာ ၂၅၆၀၀ တို့အား သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား