မောင်တောမြို့၌ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ကြသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မောင်တော ၁  ဇူလိုင် 

 

၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရခိုင်ပြည်နယ် မောင်တောခရိုင်မှ ထူးချွန်စွာ အောင်မြင်ကြသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီက မောင်တောမြို့ သိရီမင်္ဂလာခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ ပြည်နယ်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ် ဆရာ၊ ဆရာမကြီးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် အထက(၁) ကျောင်းသား ကျောင်းသူများက “ မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

 

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အဖွင့်အမှာစကားပြောကြားသည်။

 

ယင်းနောက် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက အမှာစကားပြောကြားပြီး ဆရာကြီး ဦးစိန်ထွန်းလှက တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ဆုချီးမြှင့်ခြင်းနှင့် ပတ်သက်သော အကြောင်းအရာများကို ပြောကြားသည်။

 

ထို့နောက် ၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသည့် ၅ဘာသာဂုဏ်ထူးရှင် ကျောင်းသား ကျောင်းသူများကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကလည်းကောင်း၊ ၄ ဘာသာ ဂုဏ်ထူးရှင် ကျောင်းသား ကျောင်းသူများကို ပြည်နယ်နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဗိုလ်မှူးကြီး ဖုန်းတင့်ကလည်းကောင်း၊ ၃ ဘာသာဂုဏ်ထူးရှင် ကျောင်းသား ကျောင်းသူများအား ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက လည်းကောင်း၊ ၂ဘာသာဂုဏ်ထူးရှင် ကျောင်းသား ကျောင်းသူများအား ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တော၊ သတ္ထုဝန်ကြီး ဦးကျော်လွင်က လည်းကောင်း၊ ၁ဘာသာဂုဏ်ထူးရှင် ကျောင်းသား ကျောင်းသူများအား ဌာနဆိုင်ရာမှ တာဝန်ရှိသူများကလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

 

ယင်းနောက် ၅ဘာသာဂုဏ်ထူးရှင် ကျောင်းသူတစ်ဦးက ကျေးဇူးတင် စကားပြောကြားပြီး  ကျောင်းသား ကျောင်းသူလေးများက    “ဇာတိမာန်” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြကာအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

 

မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုနှင့် ပြည်နယ်ဝန်ကြီးများသည် ကျောက်ပန္ဒူကျေးရွာသို့ ရောက်ရှိကြပြီး နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်  တည်ဆောက်နေသော နေအိမ်များအား လှည့်လည်ကြည့်ရှုကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့ကြကြောင်း သိရသည်။

 

နေဝင်းထွန်း(မြန်မာ့အလင်း) 

ဓာတ်ပုံ- ခင်မောင်ဝင်း(ကြေးမုံ)