မောင်တောမြို့နယ်၌ အစ္စလာမ်ဘာသာဝင် ၆၃ ဦး တင်ဆောင်လာသည့် စက်လှေတစ်စီးနှင့် လှေလုပ်သားလေးဦးအား ဖမ်းဆီးရမိ

နေပြည်တော် ၉ ဇူလိုင် 

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြင်းလွတ်ကျေးရွာအနီး ပင်လယ်ကမ်းခြေ၌ ဇူလိုင် ၇ ရက် နံနက်ပိုင်းက အစ္စလာမ်ဘာသာဝင် အမျိုးသား  ၂၉ ဦး၊ အမျိုးသမီး ၃၄ ဦး စုစုပေါင်း ၆၃ ဦးကို စက်လှေလုပ်သား လေးဦး၊ သေနတ်တစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည်  ၉၉ တောင့်နှင့်အတူ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

222

 

ဖြစ်စဉ်မှာ မောင်တောမြို့နယ် မြင်းလွတ်ကျေးရွာအနီး ပင်လယ်ကမ်းစပ်တွင် စက်လှေတစ်စီး ဆိုက်ကပ်ထားကြောင်း သတင်းအရ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ “(တ) အောင်စိုးကျော် ” အမည်ရှိ  စက်လှေအား ဝမ်းဗိုက်အတွင်း ရေများဝင်လျက် ရပ်ထားသည်ကို တွေ့ရှိပြီး ဝန်းကျင်နယ်မြေရှင်းလင်းခဲ့ရာ သပြေတောရွာပျက်အနီး၌ ဟာမက်တူဆောင်း (ခ) ကျော်လှပါ အစ္စလာမ်ဘာသာဝင် ၆၃ ဦးနှင့် ဂျင်းတောရွာအနီး ဦးထွန်းမြင့် (စိစစ်ဆဲ)၏ လယ်တဲအတွင်း တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် ရွှေပြည်သာရပ်ကွက်နေ စက်လှေမောင်း ဇော်လတ်ပါ စက်လှေလုပ်သား လေးဦးကို တွေ့ရှိခဲ့ကြောင်း။
    
စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိသူ စစ်တွေမြို့နယ် ဘုမေကျေးရွာနေ ဟာမက်တူဆောင်း (ခ) ကျော်လှသည် ၂၀၁၂ ခုနှစ်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ တရားမဝင်သွားရောက်၍ ပန်းရံလုပ်ကိုင်ခဲ့ကြောင်း၊ ၎င်းအား မလေးရှားနိုင်ငံသား လူမှောင်ခိုသူဌေးတစ်ဦးက ရင်းဂစ်ငွေ ၃၀ဝ၀ ပေး၍ စကားပြန်အဖြစ် ဆောင်ရွက်စေပြီး တရားမဝင် အစ္စလာမ်ဘာသာဝင်များကို သယ်ဆောင်ရန် စေလွှတ်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် ဇွန်လအတွင်း မလေးရှားနိုင်ငံသား လူမှောင်ခိုက ကော့သောင်းမြို့နေ စက်လှေပိုင်ရှင် ချစ်ကိုနှင့် ချိတ်ဆက်ပေး၍ ရေကြောင်းလမ်းဖြင့် ကော့သောင်းမြို့သို့ ရောက်ရှိခဲ့ကြောင်း၊ ဟာမက် တူဆောင်း (ခ) ကျော်လှသည် ၂၀၁၉ ခုနှစ် ဇွန် ၂၅ ရက်တွင် ကော့သောင်းမြို့ သူဌေးကျွန်းမှတစ်ဆင့် စက်လှေမောင်းသူ ဇော်လတ်တို့ လေးဦးနှင့်အတူ စက်လှေဖြင့် ထွက်ခွာခဲ့ရာ ဇူလိုင် ၄ ရက်တွင် စိန့်မာတင်ကျွန်း (ခ) အုန်းကျွန်းအနီး ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် ရေပြင်သို့ ရောက်ရှိကျောက်ချရပ်နားခဲ့ကြောင်း၊ ၎င်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာဖ်မြို့နေ လူဘီ (စိစစ်ဆဲ)နှင့် ရော်ဖီ(စိစစ်ဆဲ)တို့ထံ ဖုန်းဖြင့်ချိတ်ဆက် ဆက်သွယ်ခဲ့ပြီး သုံးရက်ခန့်အကြာ မလေးရှားနိုင်ငံသို့ တရားမဝင် သွားရောက်မည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပါလောင်၊ ဘာလူခါလီ၊ မူဆိုနီနှင့် ထန်ခါလီဒုက္ခသည်စခန်း အသီးသီးတို့မှ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၂၀  စုစုပေါင်း  ၃၄ ဦးမှာ လှေနှစ်စီးဖြင့် ရောက်ရှိလာခဲ့ကြောင်း၊ ဆက်လက်၍ ၎င်း၏မိခင်ဖြစ်သူ စစ်တွေမြို့ ဘုမေကျေးရွာနေ အဏ္ဏဝါဘေဂွန် (ခ) အန်နုဝါဖာဂွန်ထံ ဖုန်းဖြင့်ဆက်သွယ်၍ စစ်တွေမြို့နယ်ရှိ ဆေးသမားကြီး၊ ဖွေတာကုန်း၊ စခန်းကွဲ၊ ဘောမူဂေါ်၊ ဓားပိန်ဒုက္ခသည်စခန်းများမှ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၂၇ ဦးအား အဏ္ဏဝါဘေဂွန် (ခ)အန်နုဝါဖာဂွန်က ဦးဆောင်၍ လှေတစ်စီးဖြင့် ခေါ်ဆောင်ရောက်ရှိလာခဲ့ကြောင်း၊ ယင်းနောက် မလေးရှားနိုင်ငံသို့ တရားမဝင်သွားရောက်မည့် အမျိုးသား၂၈ ဦး၊ အမျိုးသမီး ၃၄ ဦး စုစုပေါင်း ၆၂ ဦးအား တစ်ဦးလျှင် ငွေကျပ် ၁၇ သိန်းဖြင့် အခကြေးငွေညှိနှိုင်းပြီး မလေးရှားနိုင်ငံသို့ ပို့ဆောင်ရန် စက်လှေဖြင့် ပြန်လည်ထွက်ခွာခဲ့ကြောင်း။

ဇူလိုင် ၇ ရက် နံနက် ၂ နာရီခန့်တွင် ပင်လယ်ပြင်အတွင်း ၎င်းတို့စက်လှေ ဆီကုန်ရပ်တန့်သွားကြောင်း၊  ရာသီဥတုဆိုးရွားမှု အခြေအနေအရ လှိုင်းကြီး၍ စက်လှေအတွင်းသို့ ရေများဝင်ရောက်ပြီး  ရေလှိုင်းနှင့်အတူ မျောပါကာ မြင်းလွတ်ကျေးရွာအနီး ပင်လယ်ကမ်းစပ်တွင် သောင်တင်နေခြင်းဖြစ်ကြောင်း သိရသည်။
    
ထို့ပြင် စက်လှေသားလေးဦးကို စစ်ဆေးချက်အရ လွန်ခဲ့သော နှစ်ပတ်ခန့်က ကော့သောင်းမြို့နယ် သူဌေးကျွန်းနေ စက်လှေပိုင်ရှင် ချစ်ကိုက စက်လှေမောင်းပေးရန် ဇော်လတ်၊ စက်ဆရာရွှေလက် (ခ) ကရင်၊ စက်လှေလုပ်သား ကျော်ဇင်သန့်နှင့် ကျော်စိုးထွန်းတို့ လေးဦးအား၊ တစ်ဦးလျှင် ဘတ်ငွေ  ၅၀ဝ၀ ပေး၍ ငှားရမ်းကာ သူဌေးကျွန်းတွင် ဆိ်ုက်ကပ်ထားသည့် “(တ) အောင်စိုးကျော်” စက်လှေသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ မာမတ်တူ ဆောင်း (ခ) ကျော်လှ၏ စေခိုင်းချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ မောင်းနှင်လာခဲ့ရကြောင်း၊ ပင်လယ်အတွင်း စက်လှေဖြင့်သွားရောက်စဉ် အကာအကွယ်ပြုနိုင်ရန် သေနတ်တစ်လက်နှင့် ကျည် ၉၉ တောင့်အား စက်လှေမောင်း ဇော်လတ်ထံ ပေးအပ်ခဲ့သည်ဟု စိစစ်သိရှိရပြီး သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
    
သို့ဖြစ်၍ ဇော်လတ်ပါ စက်လှေလုပ်သားလေးဦး၊ မာမတ်တူဆောင်း(ခ)ကျော်လှနှင့် ၎င်း၏ မိခင် အဏ္ဏဝါဘေဂွန် (ခ) အန်နုဝါဖာဂွန်တို့ ပေါင်းခြောက်ဦးကို အလယ်သံကျော်နယ်မြေ ရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၇/၃၇၁/၁၁၄ တို့အရ (ကျွန်ပြုရန် လူခိုးမှု/ ကျွန်ရောင်းဝယ်မှု/ အားပေးကူညီမှု)အရ လည်းကောင်း၊ ထို့ပြင် စက်လှေလုပ်သားလေးဦးနှင့် ဟာမက်တူဆောင်း(ခ)ကျော်လှပါ ငါးဦးအား လက်နက်ဥပဒေပုဒ်မ ၁၉(စ)အရလည်းကောင်း အမှုဖွင့်အရေးယူခဲ့ကြောင်း၊  စက်လှေပိုင်ရှင် ချစ်ကိုအား ဖမ်းဆီးရမိရေး ကွင်းဆက်စုံစမ်း ဖော်ထုတ်ရာ ချစ်ကိုအား ရနောင်းမြို့၌ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသဖြင့် ဥပဒေအရ အရေးယူရန် စီစဉ်လျက်ရှိသည်ဟု  ထိုင်းတော်ဝင်ရဲတပ်ဖွဲ့မှ သတင်းဖလှယ်လာခဲ့ပြီး ထိုင်းနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ လူမှောင်ခိုပွဲစား ကွင်းဆက်များ ဖော်ထုတ်ဖမ်းဆီးရမိရေး နှစ်နိုင်ငံဆက်လက် သတင်းဖလှယ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ 

သတင်းစဉ်