မော်တော်ဆိုင်ကယ်အရေအတွက်ကို ထိန်းချုပ်ကန့်သတ်ရန် စီမံချက်ရေးဆွဲ ဆောင်ရွက်မည်

ရန်ကုန် ၈ ဇွန် 

နယ်မြေအတွင်း ခွင့်ပြုသည့် မော်တော်ဆိုင်ကယ်အရေအတွက်ကို လိုအပ်သလို ထိန်းချုပ်ကန့်သတ်ရန်ဟူသော လမ်းညွှန်ချက်အား စနစ်တကျ စီမံချက်ရေးဆွဲအကောင် အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

ဇွန်လ ၈ ရက်နေ့တွင် ကျင်းပသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင် (ခ) ဦးဦးဝင်းမောင်၏ မေးခွန်းမေးမြန်းမှုကို ဖြေ ကြားရာတွင် ဝန်ကြီးက ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်(ခ) ဦးဦးဝင်းမောင်က ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ဆိုင်ကယ် တရားဝင်စီးနင်းခွင့်ပြုထားသော မြို့နယ်များတွင် မော်တော်ဆိုင်ကယ်လိုင်စင်များ လွယ်ကူစွာဖြင့် ပုံမှန်ပြုလုပ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် လှိုင်သာယာမြို့နယ်အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော် ဆိုင်ကယ်ဖြင့် ရာဇဝတ်မှုများကျူးလွန်နေခြင်းကို လျှော့ချစေရန်အတွက် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား ထိရောက်စွာအရေးယူဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုကြောင်း မေးမြန်းခဲ့သည်။

ထိုသို့မေးမြန်းခဲ့မှုအပေါ် တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြန်လည်ဖြေကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ဆိုင်ကယ် တရားဝင်စီးနင်းခွင့်ပြု ထားသော မြို့နယ်များတွင် မော်တော်ဆိုင်ကယ်လိုင်စင်များ ပုံမှန်ပြုလုပ်ပေးလျက်ရှိပါကြောင်း၊ သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်တင်ပြနိုင်သော ကုမ္ပဏီ(အရောင်းပြခန်း)သည် သွင်းကုန်လိုင်စင်မိတ္တူ၊ သွင်းကုန်ကြော်ငြာလွှာမူရင်း၊ မိတ္တူနှင့် အကောက် ခွန်ပြေစာမူရင်း၊ မိတ္တူများဖြင့် တင်သွင်းမည့် မော်တော်ဆိုင်ကယ် အမျိုးအမည်၊ အမျိုးအစား၊ အရေအတွက်ဖော်ပြ၍ ကနဦးမှတ်ပုံတင်ပြုလုပ်ရန် ယာဉ်စစ်ဆေးလိုသည့် ခရိုင်ရုံး (ရန်ကုန် တောင်ပိုင်း(သို့)မြောက်ပိုင်း)ခရိုင်ရုံးဟုဖော်ပြလျက် ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်)သို့ လျှောက်ထားရပါကြောင်း၊ ခွင့်ပြုချက်ရရှိလျှင် ကုမ္ပဏီ(အရောင်းပြခန်း)သို့ သက်ဆိုင်ရာရုံးမှ သွားရောက်ယာဉ်စစ်ဆေးပေးခြင်းဖြင့် ကနဦး မှတ်ပုံတင်လိုင်စင်အား လွယ်ကူစွာဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မော်တော်ဆိုင်ကယ်ဖြင့် ရာဇဝတ်မှုများကျူးလွန်နေခြင်းများကို လျော့ကျစေရန်အတွက် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့အရေးယူသည့်အတွက် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား သက်ဆိုင်ရာတရားရုံးများ၊ ရဲစခန်းများတွင် ဖမ်းဆီးထိန်းသိမ်းထားသည့် မော်တော်ဆိုင် ကယ်များကို မြင်တွေ့ နိုင်ပါကြောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ရုံးအမိန့်အရ စိစစ်တွေ့ရှိရသော မော်တော်ဆိုင်ကယ်များအပေါ် ဒေသပေါက်ဈေး၏ ၅၀ ရာခိုင်နှုန်း (သို့) ၅၀ ရာခိုင်နှုန်းအောက် မလျော့သောဒဏ်ငွေကို သတ်မှတ်ကောက်ခံရန်နှင့် ပို့ကုန်/သွင်းကုန် ဥပဒေအရသက်ဆိုင်ရာတရားရုံးတွင် တရားစွဲဆိုပြီး သက်သေခံပစ္စည်းဖြစ်သော လိုင်စင်မဲ့မော်တော်ဆိုင်ကယ်အား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း၍ လုပ်ထုံးလုပ်နည်းနှင့်အညီ လေလံတင်ရောင်းချရန်၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်ကို အထက်ပါအတိုင်း ဆောင်ရွက်ပြီးနောက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ဆောင်ရွက်ရန်၊ နေပြည်တော်ကောင်စီ တိုင်းဒေသကြီး (သို့) ပြည်နယ်အစိုးရအဖွဲ့တို့သည် သက်ဆိုင်ရာနယ်မြေအတွင်း ခွင့်ပြုသည့်မော်တော်ဆိုင်ကယ် အရေအတွက်ကို လိုအပ်သလို ထိန်းချုပ်ကန့်သတ်ရန်ဟူသော လမ်းညွှန်ချက်အား စနစ်တကျ စီမံချက်ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပါကြောင်း ဖြေကြားခဲ့သည်။

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - သစ္စာ