မေးခွန်းများ မေးမြန်းရာတွင် တိတိကျကျ ရှင်းရှင်းလင်းလင်းဖြင့် ထိထိမိမိမေးရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌပြောကြား

ရန်ကုန် ၃၀ ဇန်နဝါရီ

 

 

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိမေးမြန်းသော မေးခွန်းကို တိတိကျကျ ရှင်းရှင်းလင်း လင်းဖြင့် ထိထိမိမိမေးရန် လိုအပ်ကြောင်း ယနေ့ကျင်းပသော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး စတင်ကျင်းပစဉ် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဦးတင်မောင်ထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား ရာတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ 

 

 

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက အစည်းအဝေးများ၌ ကိုယ်စားလှယ်များက အဆိုပေါင်း ၂၅ ခုကို တင်သွင်းကာ ကြယ်ပွင့်ပြမေးခွန်း ၇၂၉ ခုနှင့် ကြယ်ပွင့်မပြ မေးခွန်း ၁၂၅ ခုတို့ မေးမြန်းဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထိုသို့ တင်သွင်းခဲ့သော အဆိုများ၊ မေးခွန်းများသည် လွှတ်တော်မှတ်တမ်းများတွင် ထည့်သွင်းမှတ်တမ်းတင်ထားရုံသာ မဟုတ်ဘဲ သက်ဆိုင်ရာအဖွဲ့အစည်းများက ဆက်လက်ဆောင်ရွက်ရန် ကတိကဝတ်များဖြင့် ရှိနေသော မေးခွန်းများနှင့် အဖြေများ လည်းပါရှိကြောင်း၊ ကိုယ်စားလှယ်များအနေဖြင့် မိမိမေးမြန်းသော မေးခွန်းကို တိတိကျကျ ရှင်းရှင်းလင်းလင်းဖြင့် ထိထိမိမ ိမေးရန် လိုအပ်ကြောင်း၊ မေးခွန်းများသည် မိမိမဲဆန္ဒနယ်ရှိ မဲဆန္ဒရှင်များ အမှန်တကယ်ကြုံတွေ့နေရသော အခက်အခဲများ၊ အမှန်တကယ် လိုအပ်ချက်များနှင့် တိုက်ရိုက်ပတ်သက်မှု အရေးကြီးသကဲ့သို့ လွှတ်တော်တွင် ဖြေကြားပြီးသား ကိစ္စရပ်များ မဖြစ်ရန် လိုအပ်ကြောင်း၊ ထိုသို့မေးမြန်းရာ၌ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မည်သည့်ကိစ္စကို ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ၊ ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မဆောင်ရွက်ပေးနိုင်ပါက မည်သည့်အတွက်ကြောင့် ဆိုသည်ကို မေးမြန်းရန်ဖြစ်ကြောင်း။

 

 

ကိုယ်စားလှယ်များ၏ မေးခွန်းမေးမြန်းမှုကို စာဖြင့်ဖြေကြားပေးသည့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် လွှတ်တော်တွင် လာရောက် ဖြေကြားသည့် သက်ဆိုင်ရာအစိုးရအဖွဲ့မှ ဝန်ကြီးများအနေဖြင့်လည်း ပြည့်ပြည့်စုံစုံနှင့် ကြောင်းကျိုး ဆီလျော် အောင် ဖြေကြားပေးရန်ဖြစ်ကြောင်း၊ မိမိတို့၏ ဖြေကြားမှုများမှာ မြေပြင်တွင်ဖြစ်ပေါ်နေသည့် အခြေအနေများကိုသာ အခြေခံပြီး တိကျမှန်ကန်စွာ ဖြေဆိုရန်လိုအပ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းသော မေးခွန်းများကို လာရောက်ဖြေဆိုပြီး အဆိုပါ ဖြေကြားချက်များတွင် ကတိကဝတ်များ ပါရှိပါက ကတိကဝတ်များအတိုင်း အကောင် အထည် ဖော်နိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကိုယ်စားလှယ်များ အနေဖြင့် ပြီးခဲ့သော လွှတ်တော်သက်တမ်း ၂ နှစ်နီးပါး ကာလအတွင်း ရရှိခဲ့သော အတွေ့အကြုံများကို အခြေခံ၍ ကျန်လွှတ်တော် သက်တမ်းကာလတွင် ပိုမိုတိုးတက် ကောင်းမွန် အောင် ကြိုးစားဆောင်ရွက်ရင်း ပြည်သူကို အပြည်အဝ အလုပ်အကျွေး ပြုနိုင်သူများဖြစ်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ မှန်ကန်သော စိတ်စေတနာနှင့် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။ 

 

 

ယနေ့ကျင်းပသော တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် (၃) ဦးတို့ မေးခွန်းများ မေးမြန်း ခဲ့ပြီး ယင်းတို့အနက် ဒလမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင် (ခ) ဦးမြသိန်းက ဒလ-တွံတေး ကားလမ်းမကြီးဘေးရှိ အများပြည်သူ ကျန်းမာရေးနှင့် မြို့အင်္ဂါရပ်ကို ထိခိုက်နေသော အမှိုက်ပုံကြီးအား သင့်တော် ရာနေရာသို့ ရွှေ့ပြောင်းခြင်း (သို့မဟုတ်) ခေတ်မီနည်းပညာဖြင့် မီးရှို့ခြင်းများ ပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်း ခဲ့သည်။

 

 

မေးခွန်းနှင့်ပတ်သက်၍ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက ပြန်လည်ဖြေကြားရာတွင် အဆိုပါအမှိုက်ပုံကြီး၏ မြေနေရာမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင် မြေဖြစ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒလမြို့နယ်၏ အမှိုက်များ စွန့်ပစ်ရန်အတွက် နောက်ဆုံး စွန့်ပစ်အမှိုက်ပုံအဖြစ် ၁၉၉၆-၉၇ ခုနှစ်မှစတင်ပြီး အသုံးပြုဆောင် ရွက်ခဲ့ကြောင်း၊ လက်ရှိအမှိုက်စွန့်ပစ်မှုမှာ တစ်ရက်လျှင် ၂၄ တန် စွန့်ပစ်ရာနေရာဖြစ်ကြောင်း၊ အမှိုက်စွန့်ပစ်သောစနစ်မှာ မြေကျင်းတူးပြီး မြေပြင်တန်းချစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ လွန်ခဲ့သောနှစ်ပေါင်း ၂၀ ကလည်း ဒလ-တွံတေးကားလမ်းဘေးမှ အမှိုက်ပုံကို အများပြည်သူ ကျန်းမာရေးမထိခိုက်ဖို့အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အမှိုက်ပုံများ သတ်မှတ်ရာတွင် မြို့၏ အစွန်ဆုံးနေရာများကို သတ်မှတ်ကြောင်း၊ အမှိုက်ပုံသည် လူရှိရာနေရာသို့ ရွှေ့လာခြင်းမျိုးမဟုတ်ဘဲ အမှိုက်ပုံရှိရာသို့ ဖွံဖြိုးတိုးတက်မှုကြောင့် လူများက ရွှေ့လာသည့်အတွက်ကြောင့် အမှိုက်ပုံကို ထပ်ရွှေ့ရခြင်းဖြစ်ကြောင်း၊ အမှိုက်ပုံများကို သင့်တော်သည့်မြေနေရာ၊ လူနေရပ်ကွက်များနှင့် ဝေးရာတွင် ရှာရသည့်အတွက်ကြောင့် နေရာရှာရသည့် အခက်အခဲရှိကြောင်း၊ သို့သော် လိုအပ်ချက်တစ်ရပ် ဖြစ်သည့်အတွက် ဒလ-တွံတေးကားလမ်းတွင်ရှိသည့် အမှိုက်ပုံကြီးကို မြေနေရာရှာဖွေရန် ဆောင်ရွက်မည်ဖြစ်ပြီး သင့်တော်သည့်မြေနေရာ ရရှိပါကလည်းကောင်း၊ ရန်ကုန်-ဒလတံတား တည်ဆောက်ပြီးစီးသည့်အခါ အမှိုက်မီးရှို့စက်ရုံ တည်ဆောက်ရန် အစီအစဉ်ရှိကြောင်းနှင့် လတ်တလောအခြေအနေတွင်မူ မြေကျင်းတူးပြီး စနစ်တကျ မြုပ်နှံသည့်စနစ်ဖြင့်သာ ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားခဲ့သည်။

 

 

သတင်း- ထင်ပေါ်ဝင်း(ကမာရွတ်)
ဓာတ်ပုံ - တင်စိုး(မြန်မာ့အလင်း)