မေလ  ၁၀ ရက်တွင် စတင်ဖြေဆိုရမည့် ၁၆ ကြိမ်မြောက် EPS-TOPIK စာမေးပွဲ ဝန်ဆောင်မှုလုပ်ငန်းအုပ်စုတွင် မိန်းကလေးဖြေဆိုမည့် အရေအတွက် များပြား

ရန်ကုန် ဧပြီ ၂၆

မေ ၁၀ ရက်တွင် စတင်ဖြေဆိုရမည့် (၁၆) ကြိမ်မြောက် EPS-TOPIK စာမေးပွဲ ဝန်ဆောင်မှုလုပ်ငန်းအုပ်စုတွင် မိန်းကလေးဖြေဆိုသူအရေအတွက် များပြားကြောင်း သိရသည်။

"ဒီနှစ်က အမျိုးသမီးတွေကို ပထမဆုံးခွင့်ပြုတာဆိုတော့ စိတ်ဝင်တစားနဲ့ လျှောက်ကြတဲ့သူတွေ များတယ်။  ဝန်ဆောင်မှုလုပ်ငန်းအတွက် ဖြေဆိုမယ့်သူ ၉၀၀၀ လောက်မှာ မိန်းကလေးတွေက သုံးပုံနှစ်ပုံလောက်ပါတာ တွေ့ရတယ် " ဟု ကိုရီးယားဘာသာ အလွတ်သင်တန်းဆရာမတစ်ဦးက ပြောသည်။

(၁၆) ကြိမ်မြောက် EPS-TOPIK စာမေးပွဲကျင်းပမည့် နေ့ရက်အနေဖြင့် စိုက်ပျိုး/မွေးမြူရေးနှင့် ဆောက်လုပ်ရေး လုပ်ငန်းအတွက် ဧပြီ  ၃၀ ရက်မှ မေ ၁၀ ရက် အထိ လည်းကောင်း၊ ဝန်ဆောင်မှု လုပ်ငန်းအုပ်စု(၁)/(၂)အတွက် မေ ၁၀ ရက်မှ   ၂၉ ရက် အထိ သတ်မှတ်ထားပြီး ကုန်ထုတ်လုပ်ငန်းအတွက် စာမေးပွဲကျင်းပပြုလုပ်မည့် နေ့ရက်အား ဆက်လက်ကြေညာမည်ဟု အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက ဧပြီ ၁၈ရက်တွင် အသိပေးကြေညာထားသည်။

ကိုးရီးယားဘာသာ အရည်အချင်းစစ် (EPS-TOPIK) စာမေးပွဲ ကုန်ထုတ်လုပ်ငန်းဖြေဆိုခွင့် လျှောက်ထားပြီး စာမေးပွဲမှတ်ပုံတင်ကြေး ပေးသွင်းပြီးသူများသည် ဖြေဆိုခွင့်ဖြတ်ပိုင်းတွင် ဖြေဆိုခွင့်အမှတ်စဉ်ပါရှိမှသာ စာမေးပွဲဖြေဆိုခွင့် ရရှိမည်ဖြစ်ကာ၊ မပါရှိသူများသည် ဧပြီ ၂၆ရက် နောက်ဆုံးထား၍ POEA ရုံးသို့အကြောင်းကြားရန်ကိုလည်း အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှ ဧပြီ ၂၅ ရက်တွင် ထုတ်ပြန်သည့် အသိပေးခဲ့သည်။

စာမေးပွဲကျင်းပမည့် နေရာမှာ အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီရုံး၊ ပင်လုံခန်းမ(၄၃) ရပ်ကွက်၊  မင်းရဲကျော်စွာလမ်းနှင့် ဗိုလ်မင်းရောင်လမ်းထောင် ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်တွင်ဖြစ်ပြီး အမျိုးသားများအနေဖြင့် ရှပ်အကျီနှင့် ပုဆိုးဝတ်ဆင်လာရန်နှင့် အမျိုးသမီးများအနေဖြင့် မြန်မာဝတ်စုံဝတ်ဆင်လာရန်လည်း အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီမှ အသိပေးထားသည်။

၂၀၂၄ ခုနှစ်တွင် ကျင်းပမည့် သတ္တမအကြိမ်မြောက် အမှတ်ပေး အလုပ်ခန့်ထားမည့် စနစ်ဖြင့် (၁၆) ကြိမ်မြောက် ကိုးရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲတွင် မြန်မာနိုင်ငံမှ လုပ်သားများအား ကိုးရီးယားသမ္မတနိုင်ငံရှိ ဝန်ဆောင်မှုလုပ်ငန်းအတွက် တိုးချဲ့ခေါ်ယူမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းအတွက် ကျား/မ မရွေးဝင်ရောက်ဖြေဆိုခွင့် ရရှိမည်ဖြစ်ကြောင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းအတွက် ဝင်ရောက်ဖြေဆိုမည့် အမျိုးသမီးများသည် ပညာအရည်အချင်း အနည်းဆုံး အခြေခံပညာအထက်တန်း အောင်မြင်ပြီးသူဖြစ်ရမည်ဟုလည်း သိရသည်။

MT