မေလနှင့် ဇွန်လအတွက် MNL တစ်လတာအကောင်းဆုံး ကစားသမားဆုကို ရခိုင်ကွင်းလယ်ကစားသမား အဘူကာကာရရှိ

၈ ဇူလိုင်

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီက ချီးမြှင့်နေသည့် ၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ၏ မေလနှင့် ဇွန်လ အတွက် တစ်လတာ အကောင်းဆုံးကစားသမားဆုကို ရခိုင်အသင်း ကွင်းလယ်ကစားသမား အဘူကာကာ တို့က ဆွတ်ခူးရရှိခဲ့သည်။ ယင်းဆုကို ဇူလိုင် ၇ ရက်က သုဝဏ္ဏကွင်း၌ ကစားသည့် ဇွဲကပင်နှင့် ရခိုင်ပွဲမတိုင်မီ ဆုချီးမြှင့်ခဲ့ပြီး ဆုတံဆိပ်နှင့် ဆုကြေးငွေ ကျပ်တစ်သိန်းခွဲ ရရှိခဲ့သည်။ 

 

ရခိုင်အသင်း ကွင်းလယ်ကစားသမား အဘူကာကာသည် ယင်းငါးပွဲတွင် နှစ်ဂိုးသွင်းယူနိုင်သည့်အပြင် ရလဒ်ကောင်းရရန် အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ခဲ့သောကြောင့် အကောင်းဆုံးကစားသမားဆု ရရှိခဲ့ခြင်း ဖြစ်သည်။ အဘူကာကာသည် ယင်းဆုကို ပထမဆုံးရရှိခဲ့ခြင်းဖြစ်ပြီး ယခုရာသီတွင် နိုင်ငံခြားသား ကစားသမားများက နှစ်လဆက်တိုက် ရရှိခဲ့ခြင်းလည်းြ့ဖစ်သည်။


 
ယခုရာသီတွင် လအလိုက်အကောင်းဆုံးဆုများကို ဇန်နဝါရီတွင် ဦးအောင်ကျော်မိုး (ရတနာပုံ)နှင့် ဝင်းနိုင်ထွန်း (ရတနာပုံ)၊ ဖေဖော်ဝါရီ/မတ်တွင် ဦးငွေထွန်း (ဟံသာဝတီ)နှင့် လှိုင်းဘိုဘို(ရတနာပုံ)၊ ဧပြီတွင် ဦးအောင်ကျော်မိုး(ရတနာပုံ)နှင့် ဆယ်လာ(ရန်ကုန်)၊ မေလနှင့် ဇွန်လတွင် ဦးအောင်နိုင် (ရှမ်းယူနိုက်တက်)နှင့် အဘူကာကာ(ရခိုင်)တို့က ရရှိခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်