မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး နည်းဥပဒေပြင်ဆင်ရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၃ ဇန်နဝါရီ

လယ်ယာကဏ္ဍနှင့်ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများသည် စိုက်ပျိုးမွေးမြူရေးလုပ်ကိုင် ဆောင်ရွက်သူများကို အားပေးကူညီနိုင်ရေး၊ ယင်းတို့၏ သက်သာပိုင်ခွင့်နှင့် အကာအကွယ် ရပိုင်ခွင့်များ အပြည့်အဝရရှိရေးတို့ကိုရည်ရွယ်ပြဌာန်းထားခြင်းဖြစ်ရာ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးနည်းဥပဒေကို ပြောင်းလဲလာသော ခေတ်စနစ်နှင့်လိုက်လျောညီထွေမှုရှိစေရန် လိုအပ် သောပြင်ဆင်မှုများ ဆောင်ရွက်ပြီးသက်ဆိုင်ရာများမှ တဆင့် အတည်ပြုပြဌာန်းနိုင်ရေးကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်းယနေ့ ညနေပိုင်းက နေပြည်တော်ရှိစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးနည်းဥပဒေပြင်ဆင်ရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဆွေးနွေးပြောကြားသည်။

ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးဦးလှကျော်၊ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အငြိမ်းစား ပညာရှင်ကြီးများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများမှ ပညာရှင်များ၊ ဖိတ်ကြားထားသူများ စုံညီစွာ တက်ရောက်ဆွေးနွေးကြသည်။

ပြည်ထောင်စုဝန်ကြီးကမြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို နိုင်ငံသားတိုင်း လျှောက်ထား နိုင်ကြသကဲ့သို့ နိုင်ငံနှင့်အဝန်းမြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လျှောက်ထားလာမှုများအပေါ် စိစစ်၍ လုပ်ကိုင်ခွင့် ခွင့်ပြုပေးလျှက်ရှိကြောင်း၊ လုပ်ကွက်ငယ်တောင်သူလယ်သမားများ အပါအဝင် အမှန်တကယ်ဖော်ထုတ်လုပ်ကိုင်လိုသူများကို မြေလွတ်၊ မြေလပ်နှင့်မြေရိုင်း လုပ်ကိုင်မှုမှ တစ်ဆင့် လယ်ယာမြေအဖြစ် ပြောင်းလဲလျှောက်ထားပြီးလယ်ယာမြေပိုင်ဆိုင်မှုရရှိရေး ဦးတည် ဆောင်ရွက်လျှက်ရှိကြောင်း၊ သို့မှသာ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် လယ်ယာကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်ဖြစ်ထွန်းလာနိုင်မှာဖြစ်ကြောင်း၊ လက်ရှိလယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက ရေးဆွဲထားသည့် နည်းဥပဒေကြမ်းအပေါ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ဆက်စပ်ဌာနများမှ ပညာရှင်များ၊ ပြင်ပအဖွဲ့ အစည်းများ မှပညာရှင်များ၏ အကြံပြုချက်များ၊ သုံးသပ်ချက်အကြံပြုချက်များအရ ထပ်မံပြင်ဆင်ပြီး သက်ဆိုင်ရာမှတစ်ဆင့် အတည်ပြုပြဌာန်းနိုင်ရေး ကြိုးပမ်းသွားမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးနည်းဥပဒေပြင်ဆင်ရေးဆွဲရေး လုပ်ငန်းစဉ်များနှင့် နည်းဥပဒေပြင်ဆင်ရေးဆွဲရာတွင် ထည့်သွင်းဆောင်ရွက်လျက်ရှိသော အချက်အလက်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့ကဖြည့်စွက်ဆွေးနွေးကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

mdn