မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၂၃)ကြိမ်မြောက်အစည်းအဝေးကျင်းပ

mdn

နေပြည်တော်         ၂၂  နိုဝင်ဘာ

 

မြေလွတ်၊ မြေလပ်နှင့်မြေရိုင်း ဧကပေါင်း (၄၉) သန်းခန့်အား အမှန်တကယ် လုပ်ကိုင်ကြမည့်သူ အားလုံးအတွက် ဥပဒေစည်းမျဉ်းစည်းကမ်းနှင့်အညီ စိစစ်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းက နေပြည်တော် ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စည်းအဝေးခန်းမ၌ ကျင်းပသည့် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၂၃)ကြိမ်မြောက် အစည်း အဝေးတွင် ဗဟိုကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြားသည်။

 

အစည်းအဝေးတွင် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ အတွင်းရေးမှူး ဦးသက်နိုင်ဦး က အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် အကြောင်း အရာတစ်ခုချင်းအလိုက် ရှင်းလင်းတင်ပြရာ ဗဟိုကော်မတီဥက္ကဌနှင့် ဗဟိုကော်မတီအဖွဲ့ဝင် များက ဝိုင်းဝန်းဆွေးနွေးဆုံးဖြတ်ကြသည်။

 

ယင်းနောက် ဗဟိုကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး က မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများကို ဥပဒေအရ သတ်မှတ်ထားသောလုပ်ငန်းများနှင့် ဥပဒေအရခွင့်ပြုထားသော လူပုဂ္ဂိုလ် အဖွဲ့အစည်းများအတွက်   လျှောက်ထားရယူနိုင်ပါ ကြောင်း၊ မြေလွတ်၊မြေလပ် နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေအရ လုပ်ငန်းအကောင်အ ထည်ဖော် ဆောင်ရွက်မည့် ပုဂ္ဂိုလ်အဖွဲ့အစည်းများအနေဖြင့် ဆင်းရဲ ချမ်းသာ အင်အားကြီး ငယ်မရွေး အဆင့်အတန်း ခွဲခြားခြင်းမရှိပဲ  နိုင်ငံသားအားလုံးအတွက် ဥပဒေအောက်တွင် တစ်ပြေးညီဆောင်ရွက်ပေး နိုင်ရန် သတ်မှတ်ပြဌာန်းပြီးဖြစ်ကြောင်း၊ အဆိုပါမြေများအား နိုင်ငံသားတိုင်း တည်ဆဲ ဥပဒေများကို လေးစားလိုက်နာပြီး ဥပဒေနှင့်အညီ စနစ်တကျ လျှောက်ထားရယူအသုံးပြု နိုင်ရေး ဆောင်ရွက်ကြရန်သာ လိုအပ်ပါကြောင်း။

 

မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများကို ရယူအသုံးပြုမည့် ကာယကံရှင် ပုဂ္ဂိုလ်အဖွဲ့ အစည်းများအနေဖြင့် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများဥပဒေပါ ပြဌာန်းချက်အတိုင်း ရယူအသုံးပြုခြင်းဖြင့် အဆိုပါအသုံးပြုသူများအတွက် ဥပဒေနှင့်အညီ အကာအကွယ် များ အပြည့်အဝ ခံစားရရှိနိုင်မည်ဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း နိုင်ငံတော်၏ မြေအသုးချမှု စာရင်းဇယား၊ ကိန်းဂဏန်း ကောက်ယူပြုစုနေသော အဖွဲ့အစည်းများ အတွက်လည်း တိကျမှန်ကန်သော စာရင်းများ ပြုစုရရှိနိုင်မည်ဖြစ်၍ နိုင်ငံတော်အနေ ဖြင့်လည်း အဆိုပါ မှန်ကန်သော စာရင်းဇယား၊ ကိန်းဂဏန်းများကို အသုံးပြုခြင်း အားဖြင့် နိုင်ငံတော်၏ စီးပွာရေးတိုးတက်မှုနှုန်းထား တွက်ချက်ရာ၌ မှန်ကန်မှုကို တိကျစွာ အထောက်အကူပြု သွားမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

 

အစည်းအဝေး၌ ယခင်အစိုးရကာလ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့် အသုံးပြုလျှောက်ထားလာသည့် အမှုတွဲများ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ (၄/၂၀၁၇)၊ (၁၉/၂၀၁၉)၊ (၂၂/၂၀၁၉) အစည်းအဝေး ဆုံးဖြတ်ချက်များအရ ပြန်လည်စိစစ်ရန် အကြောင်းကြားထားခြင်းအပေါ်  စိစစ်တင်ပြ လာသည့်ကိစ္စရပ်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်, အသုံးပြုခွင့်ရရှိ သူများသည် ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ဃ)ပါ စည်းကမ်းချက်များအား ဖောက်ဖျက်ပြီး ပေးဆောင်ရမည့် မြေခွန်များကို ပေးဆောင်ရန် ပျက်ကွက်မှုများအား ဥပဒေပုဒ်မ ၂၁ နှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

 

(သတင်းစဉ်)