မြေနေရာရရှိပါက မြောင်းမြမြို့နယ်တွင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ဆောက်လုပ်ပေးသွားမည်

နေပြည်တော် ၆ ဖေဖော်ဝါရီ

 

မြောင်းမြမြို့နယ်တွင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းအား မြေနေရာ အမြန်ဆုံးရရှိပါက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဘဏ္ဍာငွေထည့်ကာ ဆောက်လုပ်ပေးသွားမှာဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် သင်တန်းသူ အနည်းဆုံး ၅၀ ကနေ ၁၀ဝ ထိ သူနာပြုပဲ ခေါ်ယူသွားမယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

 

သူနာပြုပဲခေါ်ရခြင်းသည် သားဖွားခန့်ထားတဲ့ဦးရေ ပြည့်နေတဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်၊ လာမယ့်နှစ်တွေမှာ သားဖွားသင်တန်းပေးနေတဲ့ ကျောင်းတွေမှာ သားဖွားကို မခေါ်တော့ဘဲ သူနာပြုတွေကို ပိုပြီးခေါ်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

 

မြောင်းမြမြို့နယ်တွင် မြောင်းမြမြို့သူ မဟာသီရိ သုဓမ္မဒေါ်ခင်ကြည်အား ဂုဏ်ပြုသောအားဖြင့် မဟာသီရိသုဓမ္မဒေါ်ခင်ကြည် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိကို မြောင်းမြ မဲဆန္ဒနယ်မှ ဒေါက်တာစိုးမိုးသူက ယနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးမြန်းခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်ပါတယ်။

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက “ဧရာဝတီတိုင်းတွင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းနှင့် သူနာပြုသင်တန်းကျောင်း စုစုပေါင်း ၂ ကျောင်းရှိပါတယ်၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းက ပုသိမ်မှာပါ၊ ပုသိမ်မှာ လောလောဆယ်တက်နေတာက သားဖွား ၁၂၅ ယောက်၊ သူနာပြု ၂၈၁ ဦး တက်နေပါတယ်၊ ဟင်္သာတမှာ သူနာပြု ၂၄၃ ယောက် တက်နေပါတယ်၊ စုစုပေါင်း သူနာပြု ၅၂၄ ဦးနဲ့ သားဖွား ၁၂၅ ဦး တက်ရောက်နေပါတယ်၊ ဧရာဝတီတိုင်းမှာ သင်တန်းကျောင်း တစ်ကျောင်းဖွင့်ဖို့ လိုအပ်နေတာ တွေ့ရပြီး သင်တန်းကျောင်းဖွင့်ရာတွင်လည်း သင်ကြားရန်အတွက် မြောင်းမြကုတင် ၂၀ဝ ဆေးရုံကြီးရှိတဲ့အတွက် အဆင်ပြေတယ် ” ဟု ပြောသည်။

 

မြန်မာနိုင်ငံတွင် သူနာပြုပေါင်း လေးသောင်းခန့် ခန့်ထားခွင့်ရှိကာ လောလောဆယ်တွင် သူနာပြုဦးရေ ၂၀၄၁၆ ဦးခန့်ထားပြီး ၁၉၅၈၁ ယောက် လစ်လပ်နေတယ်လို့ ဆိုပါတယ်။

 

လက်ရှိမြန်မာနိုင်ငံတွင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ၅၀ ရှိကာ ဆရာအင်အား ၅၂၀ နဲ့ လောလောဆယ် သူနာပြုနှင့် သားဖွားကျောင်းတက်နေတဲ့ ကျောင်းသူပေါင်း ၆၂၅၀ ယောက်နှင့် သားဖွားသင်တန်းသူ ၂၆၅၈ ယောက်ရှိတယ်လို့ သိရပါတယ်။

 

မျိုးထက်ဦး(MDN)