မြေပဲသီးနှံပန်းတိုင်အထွက်ရရှိရေးနှင့် မျိုးစေ့ထုတ်လုပ်ခြင်းအကြောင်းဆွေးနွေး


နေပြည်တော် မေ ၄
တောင်သူများနှင့် စိုက်ပျိုးရေးသုတေသီပညာရှင်များအကြား အတွေးအမြင် အယူအဆ ကွာဟမှုမရှိစေဘဲ တစ်သားတည်းဖြစ်စေရန်ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အပတ်စဉ် စနေနေ့တိုင်း ကျင်းပလျက်ရှိသော တောင်သူနည်းပညာဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးဆောင်ခန်းမ၌ (၃၃) ကြိမ်မြောက် ကျင်းပသည်။  
ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်နှင့် ဆရာ ဆရာများ၊ စိုက်ပျိုးရေး သုတေသီများ ပညာရှင် ၈၂ ဦး၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းမှ တောင်သူ ၄၆ ဦး တက်ရောက်ကြပြီး တိုင်းဒေသကြီး ပြည်နယ်များမှ တောင်သူများနှင့် စိုက်ပျိုးရေးသုတေသီ ပညာရှင် ၁၃၅ ဦးတို့က အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။
ဉီးစွာဒုတိယဝန်ကြီးက ပြည်တွင်းစားသုံးဆီ ဖူလုံစေရန်အတွက် မြေပဲသီးနှံနှင့် ပတ်သက်ပြီး ပန်းတိုင်အထွက်နှုန်းရရှိနိုင်ရေး ကြိုးစားဆောင်ရွက်ရာတွင် အထွက်နှုန်း ကောင်း၊ ရလဒ်ကောင်းပြီး ရေသွင်း ရေထုတ် လွယ်ကူသော စနစ်ဖြစ်သည့် ဘောင်ကြီးတင် စိုက်ပျိုးနည်းစနစ်နှင့် မြေပဲသီးနှံ မျိုးကောင်းမျိုးသန့်များထုတ်လုပ် ပြန့်ပွားရေးနည်းလမ်းများ၊ မြေပဲသီးနှံစိုက်ပျိုးရေး ဆိုင်ရာအလေ့အကျင့် ကောင်းများနှင့် ပတ်သက်၍ တောင်သူများ အကျိုးရှိနိုင်ရေး ရည်ရွယ်ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ နည်းပညာကို အခြေခံသည့် စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းတွင် ကျေးလက်ဒေသ လူငယ်လူရွယ်များ တက်ကြွစွာ ပါဝင်လာကြစေရန်လိုကြောင်း၊ ခိုင်းနွား ခိုင်းကျွဲများကို လုံးဝလက်လွှတ်နိုင်ရန် မဖြစ်နိုင်သေး သည့်အတွက် ပြန်လည် မွေးမြူကြရန် စက်မှုလယ်ယာစနစ်အဖြစ် တိုးတက်ပြောင်းလဲရေး နှင့် စက်စွမ်းအားပြည့်အသုံးချနိုင်ရေး ကြိုးပမ်းလျက်ရှိသကဲ့သို့ အချို့လုပ်ငန်းရပ်များတွင် ခိုင်းနွား ခိုင်းကျွဲများကို လုံးဝလက်လွှတ်နိုင်ရန် မဖြစ်နိုင်သေးသည့်အတွက် နွား နှင့် ကျွဲ မွေးမြူမှုကို အားပေးဆောင်ရွက်ကြရန်လိုကြောင်းနှင့် ဘိုးဘွားပိုင်လယ်မြေများကို ဆက်လက်စိုက်ပျိုးလုပ်ကိုင်ကြရန်လိုကြောင်း၊ မြို့နယ်တာဝန်ခံများအနေဖြင့်လည်း မိုဘိုင်းဖုန်းအခြေခံ ဆက်သွယ်ရေး နည်းပညာအသုံးပြု၍ တောင်သူများ နည်းပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ပြီး အဝေးရောက်တောင်သူများ၏ နည်းပညာအခက်အခဲများ ဖြေရှင်းပေးရန်လိုကြောင်း၊ တောင်သူနှီးနှောဖလှယ်ပွဲများ တက်ရောက်ခြင်းအားဖြင့် နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေသည့် မူဝါဒများကို သိရှိနိုင်ယုံမက မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုနိုင်ကြောင်း တိုက်တွန်းပါကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ အကြိမ် (၃၃) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers technical forum) ကို “မြေပဲသီးနှံပန်းတိုင်အထွက်ရရှိရေးနှင့် မျိုးစေ့ထုတ်လုပ်ခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ သက်ဆိုင်ရာပညာရှင်များက ဆီထွက်သီးနှံ မြေပဲ စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်ကောင်းများ၊ မြေပဲသီးနှံ မျိုးကောင်း မျိုးသန့် ထုတ်လုပ်ခြင်း ဆိုင်ရာများကို ဆွေးနွေးတင်ပြကြပြီး တောင်သူများ၏ မေးမြန်းမှုကို အသေးစိတ် ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်