မြေပြန့်ဒေသမှ မြို့လေးမြို့ပေါင်း၍ နှစ်(၇၀)ပြည့် ချင်းအမျိုးသားနေ့ကို တမူးမြို့တွင် စည်ကားစွာကျင်းပမည်

တမူး  ၅  ဖေဖော်ဝါရီ

 

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း မြေပြန့်ဒေသမှ မြို့လေးမြို့ကို စုပေါင်း၍ နှစ်(၇၀)ပြည့် ချင်း အမျိုးသားနေ့ အခမ်းအနားကို မြန်မာ-အိန္ဒိယနယ်စပ် တမူးမြို့တွင် စည်ကားစွာ ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်မည့် နှစ်(၇၀)ပြည့် ချင်းအမျိုးသားနေ့ကို ချင်းလူမျိုး အများစု နေထိုင်ရာ ကလေးမြို့၊ တမူးမြို့၊ ခမ်းပတ်မြို့နှင့် မြို့သစ်မြို့ စသည့်မြို့များမှ ချင်းတိုင်းရင်းသားများ စုပေါင်းကာ တမူးမြို့ရှိ ပြည်သူ့ အားကစားကွင်းအတွင်း ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း၊ ချင်းအမျိုးသားနေ့တွင် မြို့လေးမြို့မှ ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ကိုယ်စားလှယ်များ၊ ဒေသအလိုက် ပြပွဲပြိုင်ပွဲအဖွဲ့များ၊ တက်ရောက်ကြမည်ဖြစ်ပြီး ပွဲတော်ရက်ကိုလည်း ဖေဖော်ဝါရီ ၁၈ ရက်မှ ဖေဖော်ဝါရီ ၂၀ ရက်အထိ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောမ်ထန်က ပြောကြားသည်။

 

 

“ပြီးခဲ့တဲ့နှစ်ကဆိုရင် ကလေးမြို့ တောင်ဖီလာရပ်ကွက်၊ အထက(၂) အားကစားကွင်းမှာ ချင်းတိုင်းရင်း သားရိုးရာယဉ်ကျေးမှုပြခန်း၊ ဝန်ကြီးဌာနအလိုက်ပြခန်း၊ ချင်းရိုးရာဓလေ့အကပဒေသာ၊ ရိုးရာ ဝတ်စားဆင်ယင်မှု ပြပွဲပြိုင်ပွဲ၊ ခေတ်ပေါ်ရိုးရာတေးသရုပ်ဖော်အက၊ နိုင်ငံတော်အဆင့် ထူးချွန်ဆုများရရှိသူ တွေကို ဆုချီးမြှင့်ခြင်း၊ ထူးခြားစွမ်းရည်ပြပွဲ၊ ခေတ်ပေါ်တေးဂီတအဖွဲ့ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေစသဖြင့် စည်စည်ကားကားကျင်းပခဲ့ပြီး ဝန်ကြီးချုပ်နဲ့အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေရော ပါဝင်တက်ရောက်ခဲ့ပါတယ်။ ကျန်တဲ့မြို့တွေမှာလည်း သူ့နေရာနဲ့သူ့ ဒေသအလိုက် ကျင်းပကြပါတယ်။ ”ဟု ချင်းအမျိုးသားနေ့ ကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

 

အဆိုပါမြို့လေးမြို့ ပူးပေါင်းကာ (၆၉)နှစ်မြောက် ချင်းအမျိုးသာနေ့ကို ကလေးမြို့၌လည်းကောင်း၊ ပြည်နယ်အဆင့် ချင်းအမျိုးသားနေ့ကို ဖလမ်းမြို့၌လည်းကောင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပြီး  ယခုနှစ်တွင် ပြည်နယ်အဆင့် ချင်းအမျိုးသားနေ့ကို ဟားခါးမြို့၌ စည်ကားစွာ ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

 

ချင်းတွင်းသား