မြေပြင်အခြေစိုက် ဒုံးကျည်ကာကွယ်ရေးစနစ် ဖြန့်ကြက်မည့်အစီအစဉ်ကို ဂျပန်ရုပ်သိမ်း

တိုကျို ဇွန် ၂၁

ဂျပန်အစိုးရသည် အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးတစ်ရပ်ကို ယခုရက်သတ္တပတ်အတွင်း ကျင်းပကာ Aegis Ashore ခေါ် မြေပြင်အခြေစိုက် ဒုံးကျည်ကာကွယ်ရေးစနစ် ဖြန့်ကြက်မည့်အစီအစဉ်ကို ရုပ်သိမ်းရန် စီစဉ်နေကြောင်း သိရသည်။

ဒုံးကျည်ကာကွယ်ရေးစနစ် ဖြန့်ကြက်မည့်အစီအစဉ် ရပ်ဆိုင်းမည့်အကြောင်းကို အစိုးရက ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ကြေညာခဲ့သည်။ ပြီးခဲ့သည့် ဇွန် ၁၉ ရက်က ဂျပန်ကာကွယ်ရေးဝန်ကြီး ကိုတာရှိသည် ယာမာဂူချီ စီရင်စုသို့ သွားရောက်ခဲ့ပြီး ဒုံးကျည်ကာကွယ်ရေးစနစ် ဖျက်သိမ်းမည့်အစီအစဉ်ကို ရှင်းပြခဲ့သည်။

ကာကွယ်ရေးဝန်ကြီးသည် အာကီတာစီရင်စုရှိ အခြား တစ်နေရာသို့လည်း သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနှင့် သက်ဆိုင်ရာ အစိုးရအဖွဲ့ဝန်ကြီးများသည် အမျိုးသားလုံခြုံရေး ကောင်စီ အစည်းအဝေးကို ယခုရက်သတ္တပတ်အတွင်း ကျင်းပဖွယ် ရှိသည်။

အစိုးရအဖွဲ့အနေဖြင့် လာမည့် စက်တင်ဘာလမကုန်မီ နိုင်ငံ့လုံခြုံရေး နည်းဗျူဟာအတွက် အခြားသော လမ်းကြောင်းသစ်တစ်ခုကို ဦးတည်လိုသည့်သဘော ရှိကြောင်း သိရသည်။

ဝန်ကြီးများအနေဖြင့် Aegis Ashore ခေါ် မြေပြင်အခြေစိုက် ဒုံးကျည်ကာကွယ်ရေးစနစ်နေရာတွင် အခြား ဒုံးကျည်ကာကွယ်ရေးစနစ်တစ်ခုကို အစားထိုး ဖြန့်ကြက်ရန် အလေးပေးနေဟန်ရှိကြောင်း ဒေသမီဒီယာတွင် ဖော်ပြသည်။

အင်န်အိတ်ချ်ကေ