မေတ္တာဓာတ်တို့ ဖြန့်ကြက်သည့်ချိန်ခါ

၂၄  ဒီဇင်ဘာ

အေးချမ်းသာယာသည့် ဆောင်းရာသီနှင့်အတူ ခရစ္စမတ်ကာလသို့ တစ်ဖန်ရောက်ခဲ့ပြန်ပြီဖြစ်သည်။ ခရစ္စမတ်ပွဲတော်၏ သွင်ပြင်လက္ခဏာ များဖြစ်သည့် ခရစ္စမတ်သစ်ပင်နှင့် အလှဆင်ထားသည့် အရုပ်များ၊ လျှပ်စစ်မီးရောင်စုံများ၊ ဟိုတယ်၊ စားသောက်ဆိုင်များ၊ ဈေးဝယ် ကုန်တိုက်ကြီးများနှင့် ပန်းခြံ အဆောက်အအုံများကို လှပစွာတန်ဆာဆင်ထားမှုများ၊ မိသားစုမိတ်ဆွေများ တွေ့ဆုံကြသည့်ပွဲများ၊ အမှတ်တရ လက်ဆောင်များနှင့် ညစာစားပွဲများ စသည်တို့ဖြင့် ပျော်ရွှင်ကြည်နူးဖွယ်ရာဖြစ်သကဲ့သို့ အနှစ်သာရအားဖြင့် ချစ်ခြင်း၊ မေတ္တာကို မျှဝေခြင်းဖြစ်သည့်အတွက်လည်း သန့်ရှင်းကြည်လင်သည့်။ အေးမြသည့်သဘောကို ဆောင်ယူသည်။ သို့ဖြစ်သည့်အတွက် ခရစ္စမတ်ကာလသည် လူသားတို့အဖို့ချစ်ခြင်းမေတ္တာ၏ အနက်သဘော ကို သိနားလည်ခြင်းနှင့်အတူ မေတ္တာဓာတ်ကို ဖြန့်ကြက်ခြင်း၊ မေတ္တာတရားကို မျှဝေခြင်းအားဖြင့် ကမ္ဘာလောကကို ငြိမ်းချမ်းစေသည့် ကာလလည်း ဖြစ်သည်။

လူ့သမိုင်းအစမှသည် ယနေ့တိုင် လူသားတို့၏ ကမ္ဘာတွင် အကြမ်းဖက်မှုနှင့် စစ်မက်တို့ကင်းကွာသည့်ရက် တစ်ရက်မျှပင်မရှိ။ လူတစ်ယောက်က အခြားတစ်ယောက်ကို၊ လူ့အဖွဲ့ အစည်းတစ်ခုက အခြားအဖွဲ့အစည်း တစ်ခုကို တစ်နည်းနည်းဖြင့် တိုက်ခိုက်နေကြသည်။ တစ်နည်းနည်းဖြင့် အကြမ်းဖက်နေကြသည်။ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ တစ်စုံတစ်ခုကို ရယူလိုသည့် လောဘတရား၊ လူကိုလူချင်း အကျိုးမလိုလား၊ မေတ္တာမထားနိုင်ဘဲ မုန်းတီးစက်ဆုပ်သည့် ဒေါသတရား၊ အမှားအမှန် အကောင်းအဆိုး၊ ကြောင်းကျိုးသင့် မသင့် မချင့်ချိန်နိုင်သည့် မောဟတရားတို့ လွှမ်းမိုးလာသည့်အခါ တိုက်ခိုက်မှု၊ သတ်ဖြတ်မှု၊ အကြမ်းဖက်မှုများ ပေါ်ပေါက်လာပြီး လူသားတို့၏ဘဝမှာ စိုးရိမ်ပူပန်မှုများ၊ ဝမ်းနည်းပူဆွေးမှုများ၊ ကြေကွဲဖွယ်ရာ အဖြစ်များ ပေါ်ပေါက်လာပြီး အေးချမ်းသာယာမှုတို့ ကင်းဝေးကြရသည်။

စင်စစ်အားဖြင့် အကြမ်းဖက်မှုများ၊ တိုက်ခိုက်သတ်ဖြတ်မှုများနှင့် စစ်ပွဲများ၏ မူလအစမှာ လူသားတို့၏ ရင်ဘတ်ထဲမှ (ဝါ) စိတ်နှလုံးထဲမှ စတင်ခြင်းဖြစ်သည်။ လူတိုင်းလူတိုင်းက မိမိတို့၏ စိတ်နှလုံးကို ဂရုတစိုက်ဖြင့် စောင့်ကြည့်ကာ မကောင်းသည့်စိတ်များ ဖြစ်ပေါ်မလာအောင် ထိန်းသိမ်းစောင့်ရှောက်ပြုပြင်ပေးခြင်းအားဖြင့် လူတစ်ယောက်ချင်းမှစကာ လူ့အဖွဲ့အစည်းတစ်ခု၊ လူသားလောကတစ်ခုလုံး စသည်ဖြင့် စိတ်ကောင်း စိတ်မြတ်ကို ဖြန့်ကြက်သွားနိုင်သည်နှင့်အမျှ ကမ္ဘာမြေ ပေါ်မှာ အကြမ်းဖက်မှုနှင့် စစ်ပွဲများ ပျောက်ကွယ်သွားပြီး ထာဝရ ငြိမ်းချမ်းသာယာနိုင်မည်ဖြစ်သည်။

ဗုဒ္ဓဘာသာဝင်တို့ အနေဖြင့်မူ “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ စိတ်ကိုဖြူအောင်ထား” ဟူ၍ မှတ်သားလိုက်နာကြသည်။ ဗုဒ္ဓတရားတော် ပါဠိအားဖြင့်“သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ။ သစိတ္တ ပရိယော ဒါပနံ၊” ဟူ၍ ဖြစ်ပြီး ဗုဒ္ဓဘာသာ၏ အနှစ်ချုပ်။ အကျဉ်းဆုံးတရားပင်ဖြစ်သည်။ မကောင်းမှုဟူသမျှ ဝေးစွာရှောင်ကြဉ်ကြရန်၊ ကောင်းမှုမှန်သမျှကို ဆောလျင်စွာပြုလုပ်ကြရန်၊ မိမိတို့၏ စိတ်နှလုံးကို အခါမလပ် ဖြူစင်အောင်စောင့်ထိန်းကြရန်ဟူသည့် အဆုံးအမသည် အမှန်တကယ် လိုက်နာကြသည်နှင့်အမျှ လူတစ်ယောက်ချင်းစီနှင့်တကွ လူ့အသိုက်အဝန်းတစ်ခုလုံး၊ ကမ္ဘာတစ်ဝန်းလုံး အေးချမ်းသာယာနိုင်သည့် တရားပင်ဖြစ်သည်။

မိမိတို့နိုင်ငံသည် ဘာသာရေးလွတ်လပ်ခွင့်ပြုထားသော နိုင်ငံဖြစ်သည်။ တစ်ဖက်တွင်လည်း နိုင်ငံရေးကိစ္စ အလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုရန်၊ လူမျိုးရေး၊ ဘာသာရေးတို့ကို အကြောင်းပြု၍ တစ်ဖက်နှင့်တစ်ဖက် တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်လိုခြင်း၊ စိတ်ဝမ်းကွဲခြင်း စသည်တို့ ပေါ်ပေါက်လာစေသည့် အပြုအမူတို့ မပြုလုပ်ရန် တားမြစ်ထားသည်။ သမိုင်းကြောင်းတစ်လျှောက်တွင်လည်း လက်ရှိ မြန်မာနိုင်ငံသားများ ယုံကြည်ကိုးကွယ်နေကြသည့် ဘာသာတရားများမှာ တစ်ခုနှင့်တစ်ခု (နိုင်ငံရေးပယောဂ မပါပါက) ဆန့်ကျင်ခြင်းအလျှင်းမရှိဘဲ ငြိမ်းချမ်းစွာ၊ သဟဇာတလိုက်လျော ညီထွေစွာ ယှဉ်တွဲနေထိုင်ခဲ့ကြသည်။ ရှေးဘုရင်မင်းများလက်ထက် နိုင်ငံတည်ဆောက်ရေး၊ နိုင်ငံကာကွယ်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး စသည့်နိုင်ငံ့အရေးအရာများအားလုံးတွင် ဘာသာလူမျိုး မခွဲခြားဘဲ တစ်စည်းတစ်လုံးတည်း ဆောင်ရွက်ခဲ့သည့် အစဉ်အလာသမိုင်းကြောင်းလည်း ရှိခဲ့ပြီးဖြစ်သည်။

ခရစ္စမတ်အခါသမယတွင် မေတ္တာတရားကို မျှဝေခြင်းမှအစပြုကာ လာမည့်နှစ်သစ်နှင့် အနာဂတ် ကာလများသို့တိုင် လောဘ၊ ဒေါသ၊ မောဟ အပူမီးတို့ကို အပြီးတိုင်ငြိမ်းသတ်၍အငြိမ်းဓာတ်ဖြင့် အေးချမ်းသာယာနိုင်ပါစေကြောင်း ။ ။

မြန်မာ့အလင်း