မေတ္တာတရားဖြင့် ငြိမ်းချမ်းမှုဆောင်ကြဉ်း

နေပြည်တော် ၂ မေ

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ဇွန်လ ၃၀ ရက်နေ့အထိ ထပ်မံတိုးမြှင့် ရပ်ဆိုင်းပေးသွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက် တစ်ရပ်ကို ဧပြီလ ၃၀ ရက်နေ့က ဝမ်းမြောက်ဖွယ် ကြားသိလိုက်ရသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်အနေဖြင့် ယမန်နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ယခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်နယ်မြေများတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုအားလုံးကို ရပ်ဆိုင်းပေးခဲ့သည်။

အပစ်အခတ်ရပ်စဲရေးကာလအတွင်း NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ဖြစ်သည့် KIA ၊ TNLA နှင်MNDAA တို့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးနိုင်သည်အထိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆက်လက်ဆွေးနွေးဆောင်ရွက်နိုင်ရန် အပစ်အခတ်ရပ်စဲရေးကာလ ထပ်မံတိုးမြှင့်ပေးရန် တောင်းဆိုခဲ့ရာ တပ်မတော်က အချိန်တိုးမြှင့်ရပ်ဆိုင်းပေးလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေသည်မှာ လူ့သက်တမ်း တစ်ခုမျှရှိနေရာ တိုင်းရင်းသားများ ဒုက္ခဆင်းရဲဖြစ်ကြပြီး နိုင်ငံလည်း အောက်ကျ နောက်ကျဖြစ်ခဲ့ရသည်။ ငြိမ်းချမ်းရေးကို လက်နက်ဖြင့်အဖြေရှာလျှင် မည်သည့်အခါမျှ ရနိုင်မည်မဟုတ်ဘဲ နိုင်ငံရေးနည်းဖြင့်အဖြေရှာမှသာ ရရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် တစ်ဖက်နှင့်တစ်ဖက် စွပ်စွဲအပြစ်တင်ခြင်း၊ လက်နက်ကိုင် တိုက်ခိုက်ခြင်းနည်းဖြင့် အဖြေမရှာဘဲ ဖြစ်သင့်ဖြစ်ထိုက်၊ ဖြစ်နိုင်သည်တို့ကို ယခုကဲ့သို့ အခြေအနေပေးသော အချိန်အခါတွင် နှစ်ဖက်ပွင့်လင်းစွာ ဆွေးနွေးအဖြေရှာမှသာ ငြိမ်းချမ်းရေး ခရီးနီးလာမည် ဖြစ်သည်။

တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် အပြန်အလှန်ယုံကြည်မှုတည်ဆောက်ပြီး လက်နက်ကိုင်ပဋိပက္ခများကို လျှော့ချသွားကြရမည် ဖြစ်သည်။ ပြည်ထောင်စုကြီးငြိမ်းချမ်းရေးသည် အားလုံး၏ အရေးဖြစ်သည်ကို သတိချပ်ပြီး ကြိုးပမ်းအားထုတ်ရမည့် အချိန်အခါဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများ၏ ဒဏ်ရာဒဏ်ချက်များကြောင့် ပြည်သူများ ဆင်းရဲဒုက္ခရောက်ပြီး အခြားနိုင်ငံများနောက်ကျန်ခဲ့သည်ကို သင်ခန်းစာယူက ရမည် ဖြစ်သည်။ အမှန်တကယ်ငြိမ်းချမ်းလိုပါလျှင် NCA ခရီးကိုလျှောက်လှမ်းရမည်ဖြစ်သည်။ နှစ်ဖက်ဆွေးနွေးစဉ်ကာလအတွင်း တိုက်ပွဲများရပ်တန့်ရေးသည် အလွန်အရေးကြီးသဖြင့် တစ်ဖက်နှင့်တစ်ဖက် နားလည်မှုပေးနိုင်ခြင်းသည် အပေါင်းလက္ခဏာပင်ဖြစ်သည်။

NCA သည် ငြိမ်းချမ်းရေးပန်းတိုင်မဟုတ်သော်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသို့ ရောက်ရှိစေရန် တည်ဆောက်ထားသည့် တံတားတစ်စင်းဖြစ်သည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ တက်လှမ်းချိန်တွင် စစ်ရေးလှုပ်ရှားမှုများအားလုံး ရပ်ဆိုင်းခြင်းသည် ခေတ္တပင်ဖြစ်သော်လည်း အကျိုးရလဒ်များစွာရှိသည်။ အကယ်၍သာ ပစ်ခတ်တိုက်ခိုက်မှုများ ထာဝရရပ်ဆိုင်းသွားမည်ဆိုလျှင် အကျိုးရလဒ်များ မည်မျှကြီးမားစွာ ရရှိနိုင်မည်ကို ခန့်မှန်းကြည့်နိုင်သည်။ သို့ဖြစ်ရာ တစ်ဦးနှင့်တစ်ဦး သဘောထားကြီးခြင်း၊ စာနာနားလည်မှု ရှိခြင်းတို့သည် မေတ္တာတရားအပေါ် အခြေခံပြီး ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှု ခေတ္တရပ်ဆိုင်းထားလိုခြင်း၊ ရပ်ဆိုင်းပေးနိုင်ခြင်းတို့သည်လည်း မေတ္တာတရားကို အခြေခံသဖြင့် ထိုသို့ခေတ္တထားရှိနိုင်သော မေတ္တာတရားကို ထာဝရထားရှိနိုင်ရေး အားထုတ်ကြိုးပမ်းခြင်းဖြင့် ထာဝရငြိမ်းချမ်းသာယာခြင်းကို ဆောင်ကြဉ်းနိုင်မည် ဖြစ်ပါကြောင်း။

 

ကြေးမုံ