မေတ္တာတရားဖြင့်သည်သာ

မြန်မာတို့သည် ရှေးယခင်အစဉ်အဆက်ကပင် သာယာနာပျော်သည့် စကားကို ပြောဆိုခြင်း၊ မဟုတ်မမှန်တာကို ဘယ်တော့မှ မဆိုခြင်း၊ သိမ်ဖျင်းနှုံနဲ့သည့်စကားတို့ကို မြွက်ဟမဆိုခြင်း၊ သူတစ်ထူးကို ထိခိုက်နစ်နာအောင်၊ လူအများမုန်းတီးအောင် ကုန်းချောကုန်းတိုက်ပြောဆိုခြင်း၊ ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆို ခြင်းတို့ကို ရှောင်ကြဉ်သည့် အလေ့အထရှိသည်။


ဘာသာရေးအဆုံးအမက ဆင်းသက်လာသည့် အယူအဆများ အဖြစ်သာမက မိဘဘိုးဘွား အစဉ်အဆက် ရိုးရာထုံးတမ်း ဓလေ့ထဲထိရောက်နေသည့်ယဉ်ကျေးမှုအမွေအနှစ်ပဲ ဖြစ်ပါသည်။

 

မဟုတ်မမှန်သည့်ကိစ္စရပ်များကို မှားယွင်းသည့် အချက် အလက်များဖြင့် တန်ဆာဆင်ကာဖြစ်စေ၊ အဖြစ်အပျက်တစ်ရပ်ကို တစ်စိတ်ကို တစ်အိတ်လုပ်ရင်း ပုံကြီးချဲ့ကားပြောဆိုခြင်း ဖြစ်စေ၊ တစ်စုံ တစ်ယောက်ကို နစ်နာစေရန်အလို့ငှာကုန်းတိုက် ပြောဆိုခြင်းကိုဖြစ်စေ စသည်ကဲ့သို့သော အပြော အဆိုမျိုးကို လူမှုအဖွဲ့အစည်းက ပြင်းပြင်းထန်ထန် ကန့်ကွက်လေ့ရှိ၏။

 

မုသားတို့ဖြင့် လည်းကောင်း၊ အမုန်းစကားတို့ဖြင့် လည်းကောင်း၊ အမုန်းတရားတို့ဖြင့် လည်းကောင်း နိုင်ငံကောင်းရာမွန်ရာ မြင့်မြတ်ရာ တိုးတက်ဖွံ့ဖြိုးရာအနေအထားတစ်ခုဆီသို့ ရောက်လာ လိမ့်မည်ဆိုသည်မှာ မဖြစ်နိုင်။ မတရားမှုများဖြင့် ပြည့်နှက်နေသည်မှာ ကြာပြီဖြစ်သောနိုင်ငံ၊ အမုန်းတရားများဖြင့် သွေးထိုးလှုံ့ဆော်မှုများကြားမှာ လူးလိမ့်နေရသည့် နိုင်ငံ၊ မလိုမုန်းထား နေသည့် ပြည်ပနိုင်ငံများကရော၊ ဒုက္ခတွင်းထဲသို့ ဝိုင်းကူတွန်းချလိုကြသည့် ပြည်တွင်းက အင်အားစု များရော တင်းကြမ်းပြည့်နေသည့်ကြားက ဒီမိုကရေစီအစိုးရသည် ရနိုင် သလောက်အင်အားဖြင့် ရုန်းကန်နေရသည်မှာလည်း အထင်အရှားဖြစ်ပါသည်။

နိုင်ငံ၏ အခြေခံပြဿနာကြီးများဖြစ်သော အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေး၊ တိုင်းရင်းသား အားလုံးတို့အကြား တန်းတူညီမျှရေး၊ ပြည်တွင်းပဋိပက္ခများကို လျှော့ချရပ်စဲကာ ငြိမ်းချမ်းရေး ထူထောင်ရေး၊ အဖိနှိပ်ခံနေရသူ လူတန်းစားအသီးသီး၊ တိုင်းရင်းသားအသီးသီးတို့၏ နိုင်ငံသား အခွင့်အရေး၊ ပညာသင်ယူ နိုင်မှုအခွင့်အရေး၊ အခြေခံလူ့အခွင့်အရေးများကို ကာကွယ်ပေး နိုင်ရေး၊ ပိုမိုတိုးတက်ရရှိနိုင်ရေးတို့ကို အားစိုက်ခွန်စိုက် ကြိုးပမ်း နေသည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။

 

သည်လိုလေးထဲမှာ ပြည်ပနိုင်ငံတို့က ဝင်ရောက်စွပ်စွဲပြောဆိုနေမှုများ၊ အပြစ်တင်တိုက်ခိုက်နေမှု များတို့ကိုလည်း ကာကွယ် ရှင်းလင်းနေရပါသည်။

 

ပြည်တွင်းက ဖြစ်စေ၊ ပြည်ပကဖြစ်စေ မြန်မာနိုင်ငံနှင့် ပတ်သက်လျှင် သက်တမ်းကြာစွဲကပ်နေသည့် စွပ်စွဲပြောဆိုမှု များ၊ အမုန်းစကားများကို အမှန်အတိုင်းသိမြင်ကြရေးက အရေး ကြီးပါသည်။

စွဲကပ်နေသည့် နာတာရှည်အမုန်းရောဂါသည် ချက်ချင်းဆို သလိုကုသပျောက်ကင်းရန်မှာ မလွယ်ကူဘူးဟုဆိုနိုင်သော်လည်း ရောဂါ၏အရင်းအမြစ်ဖြစ်သည့် အမုန်းတရားတို့ကို ပယ်သတ်ရန် မှာမူ အခြေခံလိုအပ်ချက်ဖြစ်သည်ဟူ၍ အမှန်အတိုင်းသိရှိခြင်းကမူ အရေးကြီးသည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။

ပြည်သူလူထုတို့အကြား တရားမျှတမှုရရှိအောင် တိုင်းပြည်မှာ မေတ္တာတရားတို့ဖြင့် ထုံမွမ်းအောင် ဆိုသည်မှာ အဖြစ်မှန် တစ်စိတ်ကို မဟုတ်မမှန်မှုများဖြင့် ရောမွှေပုံကြီးချဲ့ခြင်း၊ ယနေ့ ပြည်သူတို့ ပြုမူခဲ့သောအမှားအယွင်းမဟုတ်သည့် အတိတ် ဇာတ်လမ်းတို့ကို ပုံဖော်ပြောဆိုနေခြင်းတို့ဖြင့်ကား မဖြစ်နိုင်။ မြန်မာပြည်သူတို့ကမူ တရားမျှတမှု၊ အမှန်တရားပေါ်ရပ်တည်မှု၊ မေတ္တာတရားဖြင့်သာ လွှမ်းမိုးလိုမှုတို့ဖြင့် ရပ်တည်သွားကြမည် ဖြစ်ပါသည်။

 

မေတ္တာတရားသည် လွန်စွာအေးချမ်းသော နှလုံးသားအခြေခံ ဖြင့် တည်ဆောက်ယူရသည့်အရာပါ။ ကမ္ဘာအဝန်း မေတ္တာတရား တို့ ထုံမွမ်းလွှမ်းခြုံ ကာ သာယာငြိမ်းချမ်းပါစေသတည်း။ ။

ာညေ