မြေယာလျော်ကြေးငွေ မရရှိသေးသော တောင်သူ(၂၂) ဦးအား လျော်ကြေးငွေကို ယခုဘဏ္ဍာနှစ် အမီ ပေးချေသွားမည်

နေပြည်တော် ၁၆ မတ်

 

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ပခုက္ကူ- ကြံခင်း မီးရထားလမ်းဖောက်လုပ်ရာတွင် နစ်နာဆုံးရှုံးသွားသော တောင်သူများအနက် မြေယာလျော်ကြေးငွေ မရရှိသေးသော တောင်သူ(၂၂) ဦးအား လျော်ကြေးငွေကို ယခုဘဏ္ဍာနှစ် အမှီ ပေးချေသွား မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက ပြောသည်။

 

အဆိုပါ တောင်သူ ၂၂ ဦးအား လျော်ကြေးငွေပေးရန် အစီအစဉ် ရှိ၊မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်းကို ပခုက္ကူမဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကိုက မေးမြန်းရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက ယခုလို ဖြေကြားခဲ့ခြင်းဖြစ်သည် ။

 

“ မီးရထားလမ်း ဖောက်လုပ်ရာတွင် ပခုက္ကူခရိုင်အတွင်း သိမ်းဆည်းမြေများအတွက် ယခင် ပေးချေခဲ့သော ယာမြေ (၁)ဧက လျော်ကြေးနှုန်းထားမှာ ငွေကျပ် ၁ ဒသမ ၅ သန်းဖြစ်ပြီး ယခုတင်ပြထားသော ကံလှ ကျေးရွာအုပ်စုမှ တောင်သူ (၂၂)ဦး၏ သိမ်းဆည်းမြေ ၁၇ ဒသမ ၆၃ ဧကအတွက် မြေလျော်ကြေး ငွေကျပ် ၂၆ ဒသမ ၄၄၅ သန်း ခန့် ပေးချေးရမှာ ဖြစ်တယ်လို့ “ ဟု ဒုတိယဝန်ကြီး ဦးသာဦးက ပြောသည်။

 

မြေလျော်ကြေးငွေများကို ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် အဆိုပါ တောင်သူများအား မြေယာ လျော်ကြေး ခွင့်ပြုလက်ကျန်ငွေကျပ် ၃၇.၇၀၈ သန်းမှကျခံကာ  ကာယကံရှင်များထံ လျော်ကြေးငွေများအား ယခု ဘဏ္ဍာနှစ် အမှီ ပေးချေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မျိုးထက်ဦး၊ သူရိန်