MFF ယူ-၁၄ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲတွင် ကရင်အသင်း ဗိုလ်စွဲ

၂၈  နိုဝင်ဘာ  

 

မျိုးဆက်သစ် ကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်ရေး ရည်ရွယ်၍ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် 100 Plus တို့ ပူးပေါင်းကျင်းပသည့်  MFF 100 Plus Cup Boy's ယူ-၁၄ တိုင်းဒေသကြီးနှင့်ပြည်နယ် လူငယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ညနေပိုင်းက သုဝဏ္ဏမြက်ခင်းတုကွင်း၌ ကျင်းပရာကရင်ပြည်နယ်အသင်း ဗိုလ်စွဲခဲ့သည်။

 

ဗိုလ်လုပွဲတွင် ကရင်အသင်းနှင့် မန္တလေးအသင်းတို့ တွေ့ဆုံခဲ့ပြီး ကရင်အသင်းက လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရခဲ့သည်။ ကရင်အသင်းသည် သုံးဂိုးပြတ် ဦးဆောင်နိုင်ခဲ့သော်လည်း မန္တလေးအသင်း၏ ချေပဂိုးများ သွင်းယူမှုကို ခွင့်ပြုခဲ့ရကာ သုံးဂိုးစီသရေကျပြီး လက်ကျန်မိနစ်များမှာ အကြိတ်အနယ်ရှိခဲ့သည်။ ပွဲပြီးခါနီးတွင် ကရင်အသင်းက အနိုင်ဂိုးသွင်းယူနိုင်ခဲ့သောကြောင့် ချန်ပီယံဆုရရှိခဲ့ခြင်းဖြစ်သည်။ ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြင့်ပွဲ ဆက်လက်ကျင်းပရာ သွင်းဂိုးအများဆုံးဆုရရှိသည့်  အောင်ကောင်းမြတ် (မန္တလေး) အား ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ်တစ်သိန်း၊   ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမား ဆုရရှိခဲ့သည့် စောမိုးဇော် (ကရင်) အား ဆုတံဆိပ်နှင့် ဆုကြေးကျပ်တစ်သိန်း၊ ပူးတွဲတတိယဆုရရှိသည့် မွန်အသင်းနှင့် တနင်္သာရီအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုကြေးကျပ် ၁၀ သိန်းစီ၊ ဒုတိယဆုရရှိသည့် မန္တလေးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုကြေးကျပ် ၁၅ သိန်း၊ ပထမဆုရရှိသည့် ကရင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဆုကြေးကျပ် ၂၅ သိန်းနှင့် ချန်ပီယံဆုဖလားတို့ကို ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ကရင်ပြည်နယ် လွှတ် တော်ဒုတိယ ဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အကြံပေး ဦးဘန်နီတင်အောင်နှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြင့်ခဲ့သည်။

 

သတင်း-ဖိုးသော်ဇင်

ဓာတ္ပုံ-MFF