မဟာ မှစီစဉ်ရိုက်ကူးမည့် ရုပ်သံစီးရီးများတွင် သရုပ်ဆောင်ရန်အတွက် သရုပ်ဆောင်ရွေးချယ်ပွဲကျင်းပ

ရန်ကုန်၊ ၁၈ ဒီဇင်ဘာ

အနာဂတ်မျိုးဆက်သစ် အနုပညာရှင်များပေါ်ထွက်လာစေရန် ရည်ရွယ်၍ မဟာမှ စီစဉ်ရိုက်ကူးမည့် ရုပ်သံစီးရီးများတွင် သရုပ်ဆောင်ရန်အတွက် သရုပ်ဆောင် ရွေးချယ်ပွဲကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်း၊ အမှတ် (၅၀)ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ရုပ်ရှင်အနုပညာရပ်ဝန်း၌ ကျင်းပသည်။

အဆိုပါပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် သရုပ်ဆောင်ဝါသနာရှင် ၄၀ ကို နှစ်ယောက် တစ်တွဲစီ ပါဝင်ယှဉ်ပြိုင်စေပြီး အမှတ်ပေးဒိုင်များအဖြစ် ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် အပါအဝင် ဝါရင့်ဒါရိုက်တာများက အမှတ်ပေးစည်းမျဉ်းများ အတိုင်းရွေးချယ် ခြင်းဖြစ်သည်။

ပြိုင်ပွဲနှင့်ပတ်သက်၍ ဒိုင်တစ်ဦးဖြစ်သူ ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်က “သရုပ်ဆောင်မှု၊ အသံ၊ ရုပ်ရည်ပိုင်းနဲ့ ဇာတ်ရုပ်အပေါ်စီးမျောမှုတွေအပေါ်မှာ အခြေခံပြီး အမှတ်ပေး ရွေးချယ်ခဲ့တာပါ။ လက်ရှိအချိန်မှာ အွန်လိုင်းတွေရှိလာတဲ့အတွက် အောင်မြင်ဖို့ လွယ်ကူတယ်။ အောင်မြင်မှုကို ရေရှည်ဆက်ပြီး ထိန်းသိမ်းနိုင်တဲ့သူတွေ ဖြစ်စေချင်တယ်။ ရွေးချယ်ခံရတဲ့ ကလေးတွေအနေနဲ့ ကိုယ်ပါဝင်ရမယ့်ဇာတ်ဝင်ခန်းတွေမှာ ပရိသတ်အတွက် မှတ်မှတ် ထင်ထင်လေး ဖြစ်အောင်ကြိုးစား စေချင်ပါတယ်” ဟုပြောသည်။

ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ မင်းသွေးလျှံက “လက်ရှိမှာတော့ ကြော်ငြာတွေရိုက်နေပါတယ်။ အခုလို ပြိုင်ပွဲတွေ လုပ်ပေးတဲ့အတွက်  ကျွန်တော်တို့လို သရုပ်ဆောင်သစ်တွေ အတွက် ပရိသတ်နဲ့ထိတွေ့ဖို့ အခွင့်အရေးတွေ အများကြီးရမယ်။ အနုပညာလမ်းကြောင်းပေါ်ကို မြန်မြန် ရောက်ရှိအောင် အထောက်အပံ့ကောင်းတွေ ဖြစ်စေပါတယ်” ဟု ပြောသည်။

ထိုသို့ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ပြိုင်ပွဲဝင်များကို မဟာအွန်လိုင်းစာမျက်နှာမှ တဆင့်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ရွေးချယ်ခံရသည့် ပြိုင်ပွဲဝင်များအနေဖြင့် ၂၀၂၁ ခုနှစ်တွင် မဟာမှ ရိုက်ကူးမည့် ရုပ်သံစီးရီးများတွင်ပါဝင် သရုပ်ဆောင်ကြရမည် ဖြစ်သည်။ ထို့အတူ မဟာအနေဖြင့် ၂၀၁၉ ခုနှစ်တွင်လည်း ထိုကဲ့သို့ ပြိုင်ပွဲများကျင်းပခဲ့ပြီး သရုပ်ဆောင်များကို ရွေးချယ်ကာ ရုပ်သံစီးရီး ရိုက်ကူးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။       

သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး