မဟာမုနိရုပ်ရှင်တော်မြတ်တွင် နိုင်ငံခြားသား ဝင်ကြေးကောက်ခံရန် အစိုးရအဖွဲ့ထံတင်ပြထား

မန္တလေး ၄ ဇူလိုင် 

 

မဟာမုနိရုပ်ရှင်တော်မြတ် (ဘုရားကြီး)တွင် နိုင်ငံခြားသား ဝင်ကြေးကောက်ခံရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း ဘုရားကြီးဂေါပကအဖွဲ့ထံမှ သိရသည်။

 

မဟာမုနိရုပ်ရှင်တော်မြတ်တွင် နိုင်ငံခြားသားများ ဝင်ကြေးကောက်ခံရန်အတွက် လတ်မှတ်အရောင်းကောင်တာတစ်ခု ဖွင့်လှစ်သွားမည်ဖြစ်ပြီး နိုင်ငံခြားသားတစ်ဦးကို အမေရိကန်ဒေါ်လာ ၅ ဒေါ်လာ (သို့မဟုတ်) ၅၀ဝ၀ ကျပ် ကောက်ခံရန် တင်ပြထားကြောင်းသိရသည်။

 

‘နိုင်ငံခြားသား ဝင်ကြေးကောက်ခံဖို့အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံတင်ပြထားပါတယ်။ နိုင်ငံခြားသား ဝင်ကြေးကောက်ခံပြီး ဝန်ဆောင်မှုတွေလည်း ပိုမိုဆောင်ရွက်နိုင်ဖို့ စီစဉ်နေ ပါတယ်’ဟု မဟာမုနိရုပ်ရှင်တော်မြတ် ဂေါပကအဖွဲ့  ရုံးအဖွဲ့မှူး ဦးသိန်းထွန်းမှ ပြောသည်။

 

ယခုလ ၂၉ ရက်က မဟာမုနိရုပ်ရှင်တော်မြတ်တွင် နိုင်ငံခြားသား ဝင်ကြေးကောက်ခံမှုနှင့် ပတ်သက်ပြီး  ဂေါပကအဖွဲ့နှင့် မန္တလေးအခြေစိုက် ခရီးသွားလုပ်ငန်းအဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

 

အဆိုပါဆွေးနွေးမှုတွင် နိုင်ငံခြားသားဝင်ကြေး ကောက်ခံမည့်အကြောင်း၊ နိုင်ငံခြားသား ခရီးသွားများအတွက် နားနေဆောင်၊ စာကြည့်ခန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လမ်းလျှောက်ရန် ခက်ခဲသည့် ခရီးသွားများအတွက် ဝှီးချဲလ်များ စီစဉ်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံခြားသား ခရီသွားယာဉ်များအတွက် သပ်ရပ်သော ကားပါကင်များ ဆောင်ရွက်မည့်အစီစဉ်ကို ဂေါပကအဖွဲ့က ဆွေးနွေးပြောကြားခဲ့ကြောင်း မန္တလေးအခြေစိုက် ခရီးသွားလုပ်ငန်းများထံမှ သိရသည်။

 

ဝင်ကြေးကောက်ခံမှုနှင့်ပတ်သက်ပြီး မဟာမုနိရုပ်ရှင်တော်မြတ်တွင် သန့်ရှင်းရေး၊ လုံခြုံရေး စသည့်ဝန်ထမ်း ၃၀ဝ ကျော်ရှိပြီး ဝန်ထမ်းများကို လစာပေးရန်၊ အခြားအသုံးစားရိတ်များ အသုံးပြုရန် အတွက် နိုင်ငံခြားသား ဝင်ကြေးကောက်ခံခြင်းဖြစ်သည်ဟု သိရသည်။ 

 

လျှပ်စစ်မီး၊ ရွှေသင်္ကန်း၊ ဘက်စုံပြုပြင်မွမ်းမံရန်စသည့် အလှူခံပုံးများသည် သက်ဆိုင်ရာ ရည်ရွယ်ထားသည်များ အတွက်သာ အသုံးပြုရခြင်းဖြစ်ပြီး အခြားအသုံးစရိတ်၊ ဝန်ထမ်းစရိတ်များအတွက် အသုံးပြုရန် မဖြစ်နိုင်ကြောင်း ဂေါပကအဖွဲ့မှ ဆွေးနွေးပြောကြားခဲ့သည် ဟုဆိုသည်။

 

လက်ရှိအချိန်တွင် နိုင်ငံခြားသား ဝင်ကြေးကောက်ခံခြင်းမရှိပဲ ကင်မရာရိုက်ခြင်းအတွက် နိုင်ငံခြားသားတစ်ဦးကို တစ်ထောင်ကျပ် ကောက်ခံကြောင်း သိရသည်။ 

 

‘ဂေါပကအဖွဲ့က အသစ်စီစဉ်ဆောင်ရွက်ပေးမယ့် အသုံးပြုနိုင်တဲ့ပစ္စည်းတွေက အရမ်းကောင်းတယ်။ လက်ခံနိုင်ပါတယ်။ ချက်ချင်းလုပ်လို့မရဘူး။ ခွင့်ပြုမိန့်ကျပြီး ခြောက်လလောက်ကြာမှ စကောက်မယ်ပြောတယ်။ လက်ရှိ အသုံးအဆောင်အခြေအနေနဲ့ဆိုရင် ကန့်ကွက်မှာ။ ခုဟာက နိုင်ငံခြားသားတွေကို ဆွဲဆောင်မှုနဲ့ စိတ်ချမ်းသာအောင် လုပ်ပေးမယ်ဆိုတော့ အဆင်ပြေပါတယ်’ဟု ခရီးသွားလုပ်ငန်းရှင်များ အသင်း (မန္တလေးဇုံ) ဥက္ကဌ ဦးမျိုးရီက ပြောသည်။

 

မန္တလေးကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသား တစ်ဦးလျှင် မန္တလေးဇုံကြေးအဖြစ် ငွေကျပ် ၁၀ဝ၀ဝ  ပေးဆောင်ရသည်။ 

 

မဟာမုနိရုပ်ရှင်တော်မြတ်တွင် နိုင်ငံခြားသားဝင်ကြေး ကောက်ခံခြင်းနှင့် ပတ်သက်ပြီး ဧည့်လမ်းညွှန်တစ်ဦးက ‘ဘန်ကောက်က မြဘုရားကိုသွားရင်လည်း ဝင်ကြေးကောက်တာပါပဲ။ သို့သော် ကိုယ့်နိုင်ငံ အခြေအနေအရ ဖြစ်နေတာက ပေးရတဲ့နေရာတွေက များနေတယ်။ များလို့ လူမလာပါဘူးဆိုမှ ဖိတ်ခေါ်တဲ့သဘော မသက်ရောက်တော့ဘူး’လို့ သူ့ရဲ့အမြင်ကို ပြောပါတယ်။

 

အိမို့မို့ခိုင်