မဟုတ်မခံ တုံ့ပြန်ရဲသူ

“ဗမာလူမျိုးတွေက ကိုယ့်ထက်အသက်ကြီးတဲ့ သူတွေကို ရှိခိုးပြီးတော့ နှုတ်ဆက်လေ့ရှိတယ်။ မင်းတို့ လည်းတို့ကို ရှိခိုးပြီးနှုတ်ဆက်ကြရမယ်။ ဒီနေ့ကစပြီး တို့ဆရာတွေကို ရှိခိုးနှုတ်ဆက်ကြ” ၁၉၀၃ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ကပါ။ ရန်ကုန်ဟိုက်စကူး (Rangoon Hight School) ကျောင်းရဲ့ ရှစ်တန်းစာသင်ခန်းထဲမှာ အင်္ဂလိပ်လူမျိုးဆရာတစ်ယောက် က ရှစ်တန်းကျောင်းသားတွေကို ရှိခိုးနှုတ်ဆက်ကြဖို့ ပြောနေတာပါ။ ဒါပေမဲ့ ရှစ်တန်းကျောင်းသားတွေက “ရှိခိုးနှုတ်ဆက်ပါမယ်” လို့ မပြောကြပါဘူး။ တစ်တန်းလုံး ငြိမ်နေကြတယ်။ အဲဒီတော့ အဲဒီဆရာက ကျောင်းသား တစ်ယောက်ကို ပြောပါလေရော။ “မင်း ငါ့ကိုရှိခိုးနှုတ်ဆက်ရမယ်” “ကျွန်တော် မရှိခိုးနိုင်ပါဘူး” အပြောခံရတဲ့ ကျောင်းသားက ပြန်ပြောလိုက် တယ်။ “ဘာလို့ မရှိခိုးနိုင်တာလဲ။ ဒါမင်းတို့လူမျိုးတွေရဲ့ ဓလေ့မဟုတ်ဘူးလား” အင်္ဂလိပ်လူမျိုးဆရာက ထပ်ပြောပြန်ပါတယ်။ “ဟုတ်ပါတယ်။ ကျွန်တော်တို့က ကိုယ့်ထက် တစ်ရက်၊ တစ်မနက်ကြီးတဲ့ လူကို ရှိခိုးတဲ့ဂါရဝ၊ နိဝါတရှိ ပါတယ်။ ဒါပေမဲ့ ရှိခိုးဖို့ ဘယ်သူကမှ အမိန့်ပေးလို့မရပါ ဘူး။ မင်းငါ့ရှိခိုးလို့ ဘယ်သူကမှလည်း မပြောခဲ့ပါဘူး။ ကိုယ်ကြည်ညိုလေးစားမှုနဲ့ ရှိခိုးတာဖြစ်ပါတယ်။ အဲဒီလို အမိန့်ပေးပြီး ရှိခိုးခိုင်းတာကို ကျွန်တော်မရှိခိုးနိုင်ပါဘူး။” အင်္ဂလိပ်လူမျိုးဆရာပြောတာကို ရှစ်တန်းကျောင်း သားကလေးက လက်မခံပါဘူး။ ဒီတော့ အင်္ဂလိပ်လူမျိုး ဆရာကလည်း မကျေနပ်တော့ဘူး။ “မင်းတကယ် မရှိခိုးဘူးလား” ဆရာက ထပ်မေးပြန်ပါတယ်။ “မရှိခိုးပါဘူး” ကျောင်းသားလေးက ထပ်ပြောတာပါပဲ။ ဒီတော့ အင်္ဂလိပ်လူမျိုးဆရာက ဒေါသထွက်လာ ပါရော။ “အဲဒါဆို ကျောင်းထွက်လိုက်တော့” အင်္ဂလိပ်လူမျိုးဆရာက ပြောလိုက်တယ်။ ရှစ်တန်းကျောင်းသားကလေးက ဘာမျှ ပြန်မပြော တော့ဘူး။ သူ့ပစ္စည်းတွေယူပြီး အေးအေးဆေးဆေး ထွက်သွားတော့တာပဲ။ အဲဒီကျောင်းသားကလေးက လည်း ထွက်သွားရော ရှစ်တန်းကျောင်းသားတွေ အကုန်လုံး လိုက်ထွက်ကြတယ်။ အခန်းထဲမှာ တစ် ယောက်မှ မကျန်တော့ဘူး။ ရန်ကုန်ဟိုက်စကူးကျောင်းမှာ ဖြစ်ပွားတဲ့ အဲဒီဖြစ်စဉ်ဖြစ်ရပ်ကြောင့် အင်္ဂလိပ်အစိုးရ မျက်ကလဲဆန်ပျာ ဖြစ်သွားရတယ်။ ပညာမင်းကြီး ထုတ်ပြန်ထားတဲ့ “ကျောင်းသားများသည် လူမျိုးခြား ဆရာများကို လက်အုပ်ချီရှိခိုး နှုတ်ဆက်ရမည်” ဆိုတဲ့ အမိန့်ကို ပြန်လည်ရုပ်သိမ်းပေးလိုက်ရတဲ့အထိ ဖြစ်သွားတယ်။ ပညာမင်းကြီးထုတ်ပြန်တဲ့အမိန့် တစ်နည်းပြောလို့ ရတာက အင်္ဂလိပ်နယ်ချဲ့ရဲ့ မဟုတ်မတရားထုတ်ပြန် တဲ့အမိန့်ကို မနာခံဘဲ အင်္ဂလိပ်လူမျိုးဆရာကို ချက်ကျ၊ လက်ကျ၊ အချက်ပိုင်ပိုင် ပြန်ပြောလိုက်တဲ့ ရှစ်တန်း ကျောင်းသား ကလေးကတော့ “မောင်တင်” ပါတဲ့။ ငါးယောက်မြောက် သားရတနာ မောင်တင်ကို အဖဖြစ်သူ ဦးဖေ အင်းစိန်မြို့ တိရစ္ဆာန်ဆေးကုဌာန ရုံးအုပ်စာရေးကြီး၊ အမိ ဒေါ်မြိုင်တို့ က ၁၈၈၈ ခုနှစ် ဧပြီလ ၂၄ ရက် အင်္ဂါနေ့ညနေ ၅ နာရီခွဲမှာ မွေးဖွားခဲ့တာပါ။ မောင်တင်မွေးဖွားခဲ့ရာနေရာကတော့ အင်းစိန်ပေါက်တောရပ်ဖြစ်ပါတယ်။ ဦးဖေ၊ ဒေါ်မြိုင်တို့က သားသမီးခြောက်ယောက် ထွန်းကားခဲ့ပါတယ်။ မောင်တင်က ငါးယောက်မြောက် သားရတနာပါ။ မောင်တင်ရဲ့ငယ်အမည်က “မောင်ဘတင်” ပါ။ သုံးနှစ် သားအရွယ် ၁၈၉၁ ခုနှစ်ရောက်တော့ ဖခင်ကြီး ဦးဖေ ကိုယ်တိုင်က “မောင်တင်” လို့ အမည်ပြောင်းပေးလိုက်လို့ “မောင်ဘတင်” ကနေ “မောင်တင်” ဖြစ်လာတာပါ။ ပါဠိပါမောက္ခအဖြစ် ခန့်အပ်ခြင်းခံရ ၁၈၉၃ ခုနှစ်မှာ မောင်တင်ပညာစသင်ပါတယ်။ ဆရာကိုရင်ကြီးရဲ့ အလွတ်ပညာသင်ကျောင်းမှာပါ။ ဆရာကိုရင်ကြီးရဲ့ အလွတ်ပညာသင်ကျောင်းမှာ မင်္ဂလ သုတ်၊ နမက္ကာရ၊ ပရိတ်ကြီး၊ ရှင်မဟာသီလဝံသဆုံးမစာ၊ ရှင်မဟာရဋ္ဌသာရဆုံးမစာ၊ ကဗျာသာရတ္ထသတ်ပုံ၊ လောက နီတိ၊ ဇာတ်တော်ကြီးတွေကို သင်ယူတတ်မြောက်ခဲ့ပါတယ်။ ၁၈၉၆ ခုနှစ်ရောက်တော့ ရန်ကုန်ဟိုက်စကူး ( Rangoon High School) ကျောင်းမှာ ပထမတန်းကစပြီး ပညာသင်ပါ တယ်။ ရန်ကုန်ဟိုက်စကူးကျောင်းကအောင်တော့ ၁၉၀၆ ခုနှစ်မှာ ရန်ကုန်ကောလိပ်ကိုတက်ပါတယ်။ ရန်ကုန်ကောလိပ် က ရန်ကုန်ဆေးရုံကြီးရှေ့ (ယခုလသာအမှတ်- ၁ အ.ထ.က) မှာရှိပါတယ်။ ၁၉၀၉ ခုနှစ်မှာ ရန်ကုန် ကောလိပ်ကနေ ဘီအေပါဠိဂုဏ်ထူးတန်းအောင်တယ်။ ဝိဇ္ဇာဘွဲ့ရခဲ့တယ်။ ၁၉၁၁ ခုနှစ်မှာ ကာလကတ္တားတက္ကသိုလ် က စစ်ဆေးတဲ့ မဟာဝိဇ္ဇာဘွဲ့စာမေးပွဲကို ပြင်ပကနေ ဖြေဆို အောင်မြင်ပြီး မဟာဝိဇ္ဇာဘွဲ့ရခဲ့တယ်။ ၁၉၁၂ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့မှာ ရန်ကုန်ကောလိပ်ရဲ့ ပါဠိပါမောက္ခအဖြစ် ခန့်အပ်ခြင်းခံရပါတယ်။ အင်္ဂလိပ်လက်အောက်ခံဘဝမှာ ပါမောက္ခရာထူးကို အသက်ငယ်ငယ် ၂၄ နှစ်သား အရွယ်နဲ့ မြန်မာအမျိုးသားထဲက ပထမဦးဆုံးရရှိခဲ့သူပါပဲ။ ဦးမောင်တင်က ငယ်ငယ်လေးကတည်းက မြန်မာ့ ထုံးတမ်းစဉ်လာတွေ၊ ယဉ်ကျေးမှုအမွေအနှစ်တွေ၊ မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှုတွေကို လေးစားမြတ်နိုးတန်ဖိုးထားသူဖြစ်ပါတယ်။ ပါဠိပါမောက္ခ ဦးမောင်တင် ဖြစ်လာ တော့လည်း တောင်ရှည်ပုဆိုး၊ ရင်ဖုံးအင်္ကျီ၊ ခေါင်းပေါင်း တွေကို မြန်မာဆန်ဆန် ဝတ်ဆင်ပြီးတော့မှ စာပေသင်ကြား ပို့ချပေးသူ ဖြစ်ပါတယ်။ အဲဒီတုန်းက ပါဠိပါမောက္ခဆရာ ဦးမောင်တင်ရဲ့ အိမ်က အင်းစိန်ပေါက်တောဝမှာရှိတယ်။ အဲဒီကနေ ရန်ကုန်ကောလိပ်အထိ ဆိုင်ကယ်ကို ကိုယ်တိုင်စီးပြီး သွားတာပါ။ ဆိုင်ကယ်စီးတော့လည်း စာသင်ခန်းထဲဝင်တဲ့ ဝတ်စုံနဲ့ပဲ၊ တောင်ရှည်ပုဆိုးကို ခါးတောင်းကျိုက်ပြီး ဆိုင်ကယ်စီးတာပါ။ တစ်နေ့မှာတော့ ရန်ကုန်ကောလိပ်ကနေ အိမ်ကို ပြန်တာပေါ့။ ပြန်ချိန်ကနောက်ကျနေတယ်။ မှောင်နေပြီ။ ဆိုင်ကယ်စီးပြီး ပြန်လာနေတုန်း အလုံလမ်းဘက်ကနေ ကားကြီးတစ်စီးက ဝူးခနဲထွက်လာတယ်။ ဆရာ ဦးမောင်တင်စီးလာတဲ့ ဆိုင်ကယ်ကို ဒုန်းခနဲဝင်တိုက်ပါ လေရော။ ဆရာဦးမောင်တင်လည်း ဆိုင်ကယ်ပေါ်ကနေ ပိုးလိုးပက်လက် လန်ကျသွားရောပဲ။ ကားမောင်းတဲ့သူက “ဟေ့လူ၊ ခင်ဗျားနာသွားသေးလား” လို့မေးတယ်။ “ခင်ဗျား ဘာလဲဗျ၊ မီးလည်းဖွင့်မထားဘဲ ဘာလုပ်တာလဲ။ ခင်ဗျား ကားနံပါတ်က ဘာလဲ”လို့ ဆရာဦးမောင်တင်က စိတ်ဆိုးပြီး ပြန်ပြောတော့တာပဲ။ “ကားနံပါတ်မရှိဘူး။ ဘုရင်ခံကား ဗျ”လို့ ဟိုလူကပြန်ပြောတယ်။ ကားထဲမှာ ဘုရင်ခံ ဆာဟာ ကုတ်ဘတ်တလာ (Sir Harcourt Butler) ထိုင်နေတာကို မြင်တာပေါ့။ မကျေမချမ်းနဲ့ ပြန်လာခဲ့တယ်။ နောက်နေ့ ကျောင်းရောက်တော့ လုပ်ဖော်ကိုင်ဖက်ဆရာတွေနဲ့ တွေ့တာပေါ့။ “ကျွန်တော်တရားစွဲမယ်ဗျာ” ဆရာဦးမောင်တင်က လုပ်ဖော်ကိုင်ဖက်ဆရာတွေကို ပြောပြလိုက်တယ်။ “ဘယ်သူ့ကို တရားစွဲမှာလဲ ဆရာတင်” ဆရာတွေက ပြန်မေးတယ်။ အဲဒီကာလ မတိုင်ခင်ကတည်းက ဆရာဦးမောင်တင်ကို ဆရာတင်လို့ပဲ ခေါ်ကြတာ။ ဆရာ ဦးမောင်တင်လို့ ခေါ်တဲ့သူက မရှိ သလောက်ပဲ။ “ဘုရင်ခံကို တရားစွဲမယ်ဗျာ။ ကျုပ်လမ်းက မှန်တာ ဗျ။ သူစီးလားတဲ့ကားက ဘေးကထွက်လာပြီး ကျုပ် ဆိုင်ကယ်ကိုဝင်တိုက်တာ”လို့ ပြောပြီး မနေ့ညက အဖြစ် အပျက်အလုံးစုံကို ပြန်ပြောပြနေတယ်။ ဆရာတွေက ဝိုင်းဝန်း နှစ်သိမ့်ပေးလိုက်တော့မှ ဆရာဦးမောင်တင် စိတ်ပြေသွား တယ်။ နို့မို့ဆို ဆရာဦးမောင်တင်က ဘုရင်ခံကို တရားစွဲမှာ သေချာတယ်။ ရှစ်တန်းကျောင်းသားကတည်းက မဟုတ် တာမှန်သမျှ ငုံ့မခံဘဲ တုံ့ပြန်တတ်တဲ့ ဇာတိသွေးက ဆရာ ဦးမောင်တင်ရင်ထဲမှာ အပြည့်ရှိတယ်။ နာမည်ပြောင်း ၁၉၂၀ ပြည့်နှစ်မှာ ရန်ကုန်ကောလိပ်ကို ရန်ကုန် တက္ကသိုလ်အဆင့်တိုးမြှင့်ဖို့ စီစဉ်နေပြီ။ အဲဒီအချိန်မှာ အင်္ဂလိပ်အရာရှိတွေက ပါဠိပါမောက္ခဆရာဦးမောင်တင်ကို မျက်စိကျပြီး အင်္ဂလန်ကို ပညာတော်သင်စေလွှတ်လိုက် တယ်။ အင်္ဂလန်မှာရှိတဲ့ အောက်စဖို့ဒ် (Oxford) တက္ကသိုလ် က အိတ်စီတာကောလိပ် (Exeter collage) မှာ ပညာသင်ယူ ရတယ်။ အဲဒီမှာ “မောင်တင်” အမည်တူရှိနေသတဲ့။ ဆရာ ကြီး ဦးမောင်တင်ဆီ ပို့လိုက်တဲ့ စာတွေ၊ ပစ္စည်းတွေက အခြားမောင်တင်ဆီရောက်၊ အခြားမောင်တင်ဆီ ပို့လိုက်တဲ့ စာတွေ၊ ပစ္စည်းတွေက ဆရာကြီးဦးမောင်တင်ဆီရောက်နေတာပေါ့။ ဒီတော့ ဆရာကြီးဦးမောင်တင်က နာမည် ပြောင်းလိုက်ပါလေရော။ ဖခင်ဖြစ်တဲ့ “ဦးဖေ” ရဲ့ နာမည်ထဲ က “ဖေ”ကို ယူပြီး မောင်တင်ရဲ့ ရှေ့က ဖြည့်ပေးလိုက်တယ်။ “ မောင်တင်” ကနေ “ဖေမောင်တင်” ဖြစ်သွားတာပေါ့။ ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ် ခန့်အပ် အင်္ဂလန်မှာ လေးနှစ်ပညာသင်ယူပါတယ်။ အောက်စဖို့ဒ်တက္ကသိုလ်က ပေးအပ်တဲ့ B. litt (Bachelor of literature) ဆိုတဲ့ စာပေဝိဇ္ဇာဘွဲ့ရလာတယ်။ ဆရာကြီးဖေမောင်တင်က B. litt ဘွဲ့လည်းရရော အမိ မြန်မာနိုင်ငံကို ပြန်လာတာပေါ့။ ဆရာကြီးဦးဖေမောင်တင် ပြန်ရောက်လာတော့ ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းပညာ ဌာန (Department of Orientals Studies) မှာ အရှေ့တိုင်း ဘာသန္တရပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ရတယ်။ ဘာသန္တရပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေရင်းမှာပဲ ၁၉၃၆ ခုနှစ်ရောက်တော့ ဆရာကြီးဦးဖေမောင်တင်ကို ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ် ခန့်အပ်တာဝန် ပေးလိုက်တယ်။ ဆရာကြီးဦးဖေမောင်တင်က ရန်ကုန် တက္ကသိုလ်ကျောင်းအုပ်ကြီးတွေထဲမှာ မြန်မာလူမျိုးထဲမှ ပထမဦးဆုံး တာဝန်ထမ်းဆောင်ခွင့်ရရှိခဲ့သူပါ။ တစ်နေ့မှာတော့ ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီး ဖြစ်တဲ့ ဆရာကြီးဦးဖေမောင်တင်ဆီ စာတစ်စောင်ရောက် လာတယ်။ မောင်ဘသန်းက ရေးပို့လိုက်တဲ့စာပါ။ မောင်ဘသန်းဆိုတာက ဓာတုဗေဒ ဓာတ်ခွဲခန်းမှာ အလုပ် လုပ်နေတဲ့ Lab boy လူငယ်လေးပါပဲ။ စာဖတ်ကြည့် လိုက်တော့ အလုပ်ကနေ နုတ်ထွက်ခွင့်ပြုဖို့ တောင်းခံထား တဲ့စာ ဖြစ်နေတယ်။ ကျောင်းအုပ်ဆရာကြီး ဦးဖေမောင်တင်က ဘာကြောင့် မောင်ဘသန်းအလုပ်ထွက် ချင်ရတာလဲဆိုတာ သိချင်တာပေါ့။ သိချင်တော့ မောင်ဘသန်းကိုခေါ်ပြီး မေးပါလေရော။ “ကျွန်တော် ဆရာ ပီးကော့ (Mr. Peacock) ကို ကြောက်လို့ပါ။ တစ်နေ့က Lab ခန်းထဲမှာ ပစ္စည်းတစ်ခု ကျကွဲသွားတယ်။ အဲဒါကို ဆရာပီးကော့က စိတ်ဆိုးပြီး ကျွန်တော့်ကို လက်သီးနဲ့ထိုးတယ်။ သွားတစ်ချောင်း ကျိုးသွားပါတယ် ဆရာကြီး” မောင်ဘသန်းက ရှင်းပြလိုက်တော့ အကြောင်းစုံကို ဆရာကြီးဦးဖေမောင်တင် သိသွားတယ်။ “ဒါကြောင့် အလုပ်က ထွက်ချင်တာလား” ဆရာကြီး ဦးဖေမောင်တင်က သေချာအောင်ပြန် မေးတယ်။ “ဟုတ်ပါတယ်ဆရာကြီး၊ ကျွန်တော် ဆရာပီးကော့ ကို ကြောက်လွန်းလို့ အလုပ်ကထွက်ချင်တာပါ” “ဒါဆို မင်းမထွက်ရဘူး။ ကိုယ့်အောက်ဝန်ထမ်းကို ကိုယ်ထိလက်ရောက် ထိုးကြိတ်စော်ကားလို့မရဘူးကွ။ ဒီတော့ မင်းမထွက်နဲ့။ ခုချက်ချင်းတိုင်စာရေး” ဆရာကြီး ဦးဖေမောင်တင်ရှေ့မှာပဲ ဆရာပီးကော့ ကို တိုင်တဲ့ တိုင်စာကို မောင်ဘသန်းက ရေးနေရတာပေါ့။ ရေးနေတုန်းမှာပဲ ဆရာပီးကော့ရောက်လာတယ်။ မောင်ဘသန်းကိုလည်းတွေ့ရော လက်သီးနဲ့ထိုးပြန် ပါလေရော။ မောင်ဘသန်းလည်း ကြောက်လန့်ပြီး အခန်းထဲကနေ ထွက်ပြေးသွားတယ်။ “ဟေ့ကောင် ပီးကော့။ မင်းဘာလုပ်တာလဲကွ။ မင်းလုပ်ရပ်က တရားလွန်နေပြီ” ဆရာကြီးဦးဖေမောင်တင်က ပီးကော့ကို ဟန့်လိုက်တာပေါ့။ “ဟေ့လူ ခင်ဗျားကိုခင်ဗျား ဗမာကျောင်းအုပ်ကြီး ဆိုပြီး ကျုပ်ကို ဒီလိုပြောတာလား။ ကျောင်းအုပ်ကြီးဆိုပြီး ခင်ဗျားကို ကျုပ်က ကြောက်မယ်ထင်လို့လား၊ ခင်ဗျား တို့ဗမာတွေကို ကျုပ်လုံးဝမကြောက်ဘူး။ ခင်ဗျားလည်း လုပ်ချင်ရာလုပ်” ဆရာပီးကော့က ရိုင်းရိုင်းစိုင်းစိုင်းအပြုအမူနဲ့ ခက်ခက်ထန်ထန်ကြမ်းကြမ်းတမ်းတမ်း ပြောဆိုပြီး ထွက်သွားတယ်။ ဆရာကြီးဦးဖေမောင်တင်က ဆရာပီးကော့ရဲ့အပြုအမူအပြောအဆိုနဲ့ပတ်သက်ပြီး အထက်ကို စာရေးတင်ပြတာပေါ့။ ဘုရင်ခံချုပ်ဆီအထိရောက်အောင် တင်ပြလိုက်တာပါ။ ဘုရင်ခံချုပ်ဖြစ်တဲ့ ဆာကော့ကရိန် (Sir A.D Cochrane) က ကိုယ့်အထက်အရာရှိကို စော်ကားတဲ့ဆရာပီးကော့ကို အလုပ်ကနေ ထုတ်ပယ်ပစ် လိုက်တယ်။ ဒီတော့ အင်္ဂလိပ်လူမျိုးပါမောက္ခဆရာ ပီးကော့က ဆရာကြီးဦးဖေမောင်တင်ဆီလာပြီး တောင်း ပန်တာပေါ့။ ဆရာကြီးဦးဖေမောင်တင်က သဘော ထားကြီးကြီးနဲ့ ခွင့်လွှတ်ကျေအေးပေးလိုက်ပါတယ်။ ဒါပေမဲ့ ဘုရင်ခံချုပ်က ဆရာပီးကော့ကို ပျမ်းမျှလစာပေး ပြီးတော့ ပြည်နှင်ဒဏ်ပေးလိုက်တယ်။ အင်္ဂလိပ်လက်အောက် ကျွန်ဘဝရောက်နေ ရလင့်ကစား ရှစ်တန်းကျောင်းသားအရွယ်ကတည်းက မဟုတ်မခံတုံ့ပြန်ရဲတဲ့ သတ္တိရှိသူ ဆရာကြီး ဦးဖေမောင် တင်ပါ။ ဆရာကြီး ဦးဖေမောင်တင်ရဲ့ မြန်မာလူမျိုးနဲ့ မြန်မာစာပေအပေါ် တင်ကျန်ရစ်ခဲ့တဲ့ ဂုဏ်ကျေးဇူးတွေက အများကြီးပါ။ အများကြီးထဲကနေ စိုးစဉ်းမျှသာ ကောက်နုတ်ပြီးတော့ ဆရာကြီးဦးဖေမောင်တင်ရဲ့ စိတ်ဓာတ်ကို ဖော်ကျူးတင်ပြအပ်ပါတယ်။ ။ စာကိုး ကျော်အောင် ဦးဖေမောင်တင် တစေ့တစောင်း ရုပ်ပုံလွှာဆောင်းပါး (ဦးဖေမောင်တင် ၁၁၁ နှစ်ပြည့် ဂုဏ်ပြု စာတမ်းများ) မင်းယုဝေ ပထမမြန်မာများ မောင်ခင်မင်(ဓနုဖြူ) ဦးဖေမောင်တင်၊ တစ်ခေတ်မှာ တစ်ယောက် (ဆရာကြီး ဦးဖေမောင်တင် အမှတ်တရစာစုများ) ကြေးမုံ