MICE Market နှင့် Sports Tourism ကို နေပြည်တော်တွင် လာမည့်နှစ်အတွင်း လုပ်ဆောင်မည်

၇ စက်တင်ဘာ

 

 

MICE Market နှင့် Sports Tourism ကို နေပြည်တော်တွင် လာမည့်နှစ်အတွင်း လုပ်ဆောင်သွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

 

 

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အစိတ်အပိုင်းတစ်ခု အနေဖြင့် ခရီးသည် ပိုမိုဝင်ရောက်လာစေရန် MICE(Meetings, Incentives, Conferences and Exhibitions) Market နှင့် အားကစားကို အခြေခံ သည့် Sports Tourism ကို နေပြည်တော်တွင် လာမည့်နှစ်အတွင်း လုပ်ဆောင်ရန်အတွက် နေပြည်တော်ဇုန်နှင့် ဆွေးနွေးလျက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

 

 

"နေပြည်တော်မှာ အားသာချက်တွေ အများကြီးရှိတယ်။ ဟိုတယ်တွေလည်း အများကြီးရှိတယ်။ နောက်တစ်ခါ Conferences တွေ၊ Meetings တွေ လုပ်ဖို့အတွက် သူတို့မှာ အခွင့်အလမ်းတွေ အများကြီးရှိတယ်။ facility တွေအများကြီးရှိတယ်။ဒါကြောင့်မလို့ MICE Market ကို ဖွံ့ဖြိုးလာအောင် ကျွန်တော်တို့လုပ်ဖို့ အစီအစဉ်ရှိပါတယ်၊ နေပြည်တော်မှာပေါ့။ နောက်တစ်ခုက ကျွန်တော်တို့ အခုမကြာခင်မှာ လုပ်တော့မယ့် အားကစားအခြေခံတဲ့ Sports Tourism ပေါ့။ အဲဒီဟာကိုလည်း နေပြည်တော်မှာ လုပ်မယ်ဆိုရင် ရေကူးကန်တွေ နိုင်ငံတကာအဆင့်မီ ပြိုင်ကွင်းတွေရှိတာတွေ ဂေါက်ကွင်းတွေရှိတာတွေ အဲလိုဟာတွေ အများကြီး အားသာချက်တွေ နေပြည်တော်မှာ ရှိတယ်။ ဥပမာ စက်ဘီးပြိုင်ချင်တယ်ဆို ပြိုင်ချင်သလား။ ဆိုင်ကယ်ပြိုင်မယ်ဆို ပြိုင်ချင်သလား။ နောက်တစ်ခါ ကားပြိုင်မယ်ဆိုရင်တောင်မှ အပျော်ပြိုင်လို့ရတဲ့ နေရာတွေ နေပြည်တော်မှာရှိတယ်။ ဒါမျိုးတွေ လုပ်လို့ရတဲ့အတွက် အဲဒီ Sports Tourism နဲ့ MICE Market ပေါ့။ အဲဒီ  MICE Market ကိုတော့ Meetings တွေလုပ်မယ်၊ Conferences တွေလုပ်မယ်။ အဲဒီဟာတွေအတွက်ကို ဦးစားပေးပြီးတော့ ဖွံဖြိုးအောင်လုပ်ဖို့ ကျွန်တော်တို့ ရှိပါတယ်"ဟု  ဦးနောင်းနောင်းဟန် က ပြောသည်။

 

 

ယခုနှစ်တွင် Sports Tourism လုပ်ဆောင်ရန်အတွက် ပြင်ဆင်နေပြီဖြစ်သောကြောင့် ၂၀၂၀ ခုနှစ်တွင် စတင်လုပ်ဆောင်နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

 

 

"အခုပြင်ဆင်နေပြီဆိုတော့ ၂၀၂၀ မှာ ဖြစ်လာမှာပါ။ ဒီရန်ကုန်မှာ မိုးတွေတအားရွာတဲ့အချိန် နေပြည်တော်မှာ ဖွံဖြိုးနိုင်အောင်ပေါ့၊ အဲဒါမျိုးတွေ လာနိုင်အောင်လို့ ကျွန်တော်တို့ ရန်ကုန်မှာ တချို့ဟာတွေ ရန်ကုန်မှာ သိပ်မလည်တော့ဘဲနဲ့ ရန်ကုန်ကရောက်ပြီး နေပြည်တော်ကိုသွားတဲ့အခါမှာ နေပြည်တော်မှာ ထင်သလောက်မိုးမရွာဘူး၊ မိုးလည်းမများဘူးပေါ့နော်။ တချို့ဟာတွေဆို  Indoor လုပ်လို့ရတဲ့ဟာမျိုးတွေ အားကစားလှုပ်ရှားမှု လုပ်လို့ရတဲ့ဟာမျိုးတွေဆိုရင် ကျွန်တော်တို့က Target ထားလိုက်လို့ရှိရင် ဒါတွေက ဖွင့်မယ်။ ၂၀၁၉ ကတော့ မမီတော့ဘူး၊ ၂၀၂၀ မှာ ကျွန်တော်တို့က အမီ လုပ်ဖို့ရှိပါတယ်" ဟု ဦးနောင်းနောင်းဟန် က ထပ်မံပြောကြားသည်။

 

 

ထို့ပြင် နေပြည်တော် အနီးနားတွင်ရှိသော ခရီးသွားများ စိတ်ဝင်စားသည့် နေရာများကို ခရီးသွား ကုမ္ပဏီများနှင့် များစွာထိတွေ့မှုရှိရန် Fun Trip များ စီစဉ်သွားမည်ဖြစ်ပြီး ပြည်တွင်း ခရီးသွားများသာမက ပြည်ပခရီးသွားများကိုပါ သွားရောက်နိုင်ရန်အတွက် ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရသည်။

 

 

လက်ရှိ နေပြည်တော်တွင်  လာရောက်လည်ပတ်မည့် ခရီးသွားဧည့်သည်များနားခိုရန် လုံလောက်သော အခန်းအရေအတွက်ရှိခြင်း၊ ဝန်ကြီးဌာနအားလုံး တည်ရှိနေခြင်းတို့ကြောင့် MICE Market အဖြစ် အဆင့်မြှင့်တင်ရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ MICE Market  ဖော်ဆောင်ထားသော ပြည်ပ နိုင်ငံအချို့တွင်လည်း ခရီးသွားဝင်ရောက်မှုနှုန်း များပြားလျက်ရှိသည့်အတွက် မြန်မာနိုင်ငံတွင်လည်း MICE Market  ဖော်ဆောင်နိုင်မည် ဆိုပါက ခရီးသွားနှုန်း ယခုထက် ပိုမိုများပြားလာ နိုင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရသည်။

 

 

ပြီးခဲ့သည့် လအတွင်းကလည်း ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်၌ ကျင်းပပြုလုပ်သည့် အားကစားခရီးသွား လုပ်ငန်းနှင့် အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း ဦးဆောင်ကော်မတီများ အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ယခုအချိန်မှစ၍ အားကစားခရီးသွားလုပ်ငန်း (Sports Tourism) နှင့် အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း(Gastronomy Tourism)တို့ အကောင်အထည် ဖော်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ခရီးသွား လုပ်ငန်းရှင်များမှလည်း လက်ရှိဝန်ဆောင်မှု ပေးနေသည့် နယ်စပ် ဖြတ်ကျော် ကားမောင်းပြိုင်ပွဲများ၊ စက်ဘီးစီးပြိုင်ပွဲများ၊ ဆိုင်ကယ်စီးပြိုင်ပွဲများ၊ အပြေးပြိုင်ပွဲများနှင့် သက်ဆိုင်သည့်ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပါက ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားနိုင်မှာဖြစ်ပြီး အောင်မြင်မှုများ ပိုမိုရရှိလာနိုင်မှာဖြစ်ကြောင်း ပြောကြားထားသည်။

 

 

Nyein Nyein