မီဒီယာပေါင်းစုံ၏ ကုန်ပစ္စည်းပေါင်းစုံကို အမွှမ်းတင်လျက် ကြော်ငြာနေခြင်းရဲ့ အန္တရာယ်ဆိုးကို ကောင်းစွာသိရှိပြီး ထိရောက်စွာ ဟန့်ထားနိုင်ရန် သက်ဆိုင်သည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိဟု ဒုတိယဝန်ကြီး ဦးအောင်လှထွန်းပြောကြား

နေပြည်တော် ၂၁ မေ

 

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ထိန်းချုပ်ကွပ်ကဲခြင်းမပြုနိုင်တဲ့ ဆိုရှယ်မီဒီယာ၊ လူမှုကွန်ရက်များ အပါအဝင် မီဒီယာပေါင်းစုံတွင် ကုန်ပစ္စည်းပေါင်းစုံကို ယုတ္တိမတန်စွာ အမွှမ်းတင်လျက် ကြော်ငြာနေကြခြင်းရဲ့ အန္တရာယ်ဆိုးကို ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့ ကောင်းစွာသိရှိနားလည်ပြီး ယင်းတို့ကို ပိုမိုထိရောက်စွာ ဟန့်တားနိုင်ရန်အတွက် အခြားသောဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပြောသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ပြီး မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးထွန်းထွန်းဦး မေးမြန်းသည့် “ယနေ့ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းရှင်အချို့သည် မီဒီယာပေါင်းစုံကို အသုံးပြုပြီး အလှကုန်၊ ဆေးဝါး၊ စားသောက်ကုန်၊ စိုက်ပျိုးရေးလုပ်ငန်းသုံးကုန် စသည့်ကုန်ပစ္စည်းမျိုးစုံတို့ကို ပကတိအခြေအနေမှန်နှင့် များစွာကွာဟပြီး ယုတ္တိမတန်စွာ လွန်လွန်ကဲကဲ အမွှမ်းတင်၍ ကြော်ငြာနေကြခြင်းများကို ကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်ရန် အစီအစဉ် ရှိ မရှိ” မေးမြန်းမှုကို ဒုတိယဝန်ကြီးမှ အထက်ပါအတိုင်း ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

 

ဒုတိယဝန်ကြီး  ဦးအောင်လှထွန်းက “နိုင်ငံပိုင်မီဒီယာများမှ ကုန်ပစ္စည်းကြော်ငြာများနှင့် ပတ်သက်လို့ လုပ်ကိုင်ဆောင်ရွက်နေပုံကို အနည်းငယ် ရှင်းလင်းတင်ပြလိုပါတယ်၊ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှာ စီးပွားရေးလုပ်ငန်းရှင်တွေ ကုန်ပစ္စည်းများ ကြော်ငြာ လာရောက်ထည့်သွင်းတဲ့အခါမှာ သင့်တင့်လျှောက်ပတ်တဲ့ ကြော်ငြာဈေးနှုန်းများဖြင့် ကောက်ခံပြီး ဝန်ကြီးဌာနက ဖွဲ့စည်းပေးထားတဲ့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဆင်ဆာဘုတ်အဖွဲ့သို့ တင်ပြကာ စိစစ်ခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိပါတယ်၊  စိစစ်ရာမှာလည်း ချမှတ်ထားတဲ့ မူဝါဒနှင့်အညီ ကြော်ငြာမည့် ကုန်ပစ္စည်းရဲ့ ကုန်အမှတ်တံဆိပ်၊ ကုန်ပစ္စည်းမှတ်ပုံတင်လက်မှတ်၊ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ FDA ခွင့်ပြုချက်၊ သက်ဆိုင်ရာဝန်ကြီးဌာနများရဲ့ ထောက်ခံချက် စသည့်လိုအပ်တဲ့ စာရွက်စာတမ်းများနှင့်အတူ ပြသမယ့် ဗွီဒီယိုဖိုင်ကို စနစ်တကျ စိစစ်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်၊ ဒီလိုစိစစ်ရာမှာ ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားတဲ့ ကြော်ငြာမူဝါဒအရ နိုင်ငံတော်အလံ၊ နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်၊ နိုင်ငံတော်သီချင်း၊ နိုင်ငံတော်အကြီးအကဲနှင့်  ငွေကြေးသင်္ကေတများကို မလေးစားတဲ့ တင်ပြမှုများ၊ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ထိခိုက်စေတဲ့ ဖန်တီးတင်ပြမှုများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်၊ လမ်းညွှန်ချက်များမှအပ နိုင်ငံရေးဆိုင်ရာကြော်ငြာ များ၊ နိုင်ငံရေးပါတီတစ်ခုခုရဲ့ နိုင်ငံရေးမူဝါဒ(သို့မဟုတ်) ရပ်တည်ချက်များနဲ့သက်ဆိုင်တဲ့ ကြော်ငြာများကို လက်ခံခွင့်ပြုခြင်းမရှိကြောင်း” ပြောသည်။

 

ဒါ့အပြင် နိုင်ငံတော်အတွင်း နေထိုင်ကြတဲ့ တိုင်းရင်းသားတစ်မျိုးရဲ့ လူမျိုးရေး (သို့မဟုတ်) ယဉ်ကျေးမှုကို ထိခိုက်မုန်းတီးစိတ် ဖြစ်ပေါ်စေတဲ့ ကြော်ငြာများ၊ ကိုးကွယ်ယုံကြည်မှုကို နှိပ့်ချစော်ကားရာရောက်တဲ့ ကြော်ငြာများ၊ ကာမယာဂကို လှုံ့ဆော်ရာရောက်တဲ့ စာများ၊ ပုံများ၊ ဝတ်စားဆင်ယဉ်မှုများ၊ ရာဇဝတ်မှု၊ အကြမ်းဖက်မှု၊ လောင်းကစားမှုနှင့် မူးယစ်ဆေးဝါး သုံးစွဲမှုများကို အားပေးလှုံ့ဆော်တဲ့ကြော်ငြာများ၊ လူကုန်ကူးမှုကို အားပေးတဲ့ကြော်ငြာများ၊ မသန်စွမ်းသောပုဂ္ဂိုလ်များအား နှိပ့်ချစော်ကား ပျက်ရယ်ပြု လှောင်ပြောင်သည့်ကြော်ငြာများ၊ ဆေးဝါးနဲ့ ပတ်သက်၍လည်း သမာရိုးကျမဟုတ်သော ကုထုံးများ၊ လောကီပညာ၊ ဂမ္ထီရပညာ (သို့မဟုတ်) အလားတူ ကုထုံးများ၊ အလွန်အကြူး အမွှမ်းတင်ထားတဲ့ ကုန်ပစ္စည်း များနှင့် စားသောက်ကုန်များ၊ အရက်သေစာနှင့် ဆေးလိပ်ဆေးတံများ စတဲ့ကြော်ငြာများကို လက်ခံဆောင်ရွက်ခြင်း မပြုကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

 

မိမိတို့ရဲ့ ကုန်ပစ္စည်းများကို ပကတိအခြေအနေနဲ့ ကွာဟပြီး ယုတ္တိမတန်စွာ အလွန်အကြူး အမွှမ်းတင်လျက် ကြော်ငြာနေကြခြင်းမှာ ကြော်ငြာလောက၏ သဘောဝတစ်ခုဟု ဆိုနိုင်သော်လည်း ၎င်းတို့ထုတ်လုပ်သည့် ကုန်ပစ္စည်းများအား အများပြည်သူသိရှိစေရန် ကြော်ငြာတဲ့အခါ ပြန်ကြားရေးဝန်ကြီးဌာန အများပြည်သူ ဝန်ဆောင်မှုမီဒီယာဆိုင်ရာ ကြော်ငြာမူဝါဒအတိုင်း လိုက်နာရန် ဆောင်ရွက်လျက်ရှိပြီး  ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နေ့စဉ်ထုတ်လွှင့်လျက်ရှိတဲ့ ရေဒီယို၊ ရုပ်မြင်သံကြား အစီအစဉ်များ၊ နိုင်ငံပိုင်သတင်းစာများ၊ အကျိုးတူဆောင်ရွက်လျက်ရှိတဲ့ ရုပ်သံလွှင့်ကုမ္ပဏီများ၊ FM ကုမ္ပဏီ များအတွက် အများပြည်သူဝန်ဆောင်မှုဆိုင်ရာ ကြော်ငြာမူဝါဒကို ထုတ်ပြန်ထားတဲ့အတိုင်း တိကျစွာ လိုက်နာရန် ဆောင်ရွက်စေလျက်ရှိပါတယ်၊ လိုအပ်ချက်များရှိပါကလည်း သတိပေး ကြပ်မတ်ဆောင်ရွက်ဖို့ စီစဉ်သွားမှာ ဖြစ်တယ်လို့ ဒုတိယဝန်ကြီးက ဆက်လက်ဖြေကြားသည်။

 

ထို့ပြင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက (၃-၅-၂၀၁၄) ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ သတင်းမီဒီယာ ကျင့်ဝတ် အပိုဒ် ၂၃ မှာ ကြော်ငြာခြင်း၊ ကုန်ပစ္စည်းများ ထည့်သွင်းဖော်ပြခြင်းနှင့် ကြော်ငြာမဟုတ်သော အစီအစဉ်များတွင် လိုက်နာဆောင်ရွက်ရန် လိုအပ်သည်များကို အတိအကျ ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

မျိုးထက်ဦး(MDN)