မိမိ၏ အမှားကြောင့် အသက်ပင်မရှုနိုင်ခဲ့ဟု ပေါ့ဘာ ဆိုခဲ့ပြီး  မန်ယူအသင်းသားများ၏ ခြေစွမ်းမငြိမ်သက်မှုကြောင့် နည်းပြ ဆိုးလ်ရှား ရာထူးမှ ထုတ်ပယ်ခံရနိုင်ဟု  ရွိုင်းကိန်း သတိပေး

၂  နိုဝင်ဘာ

မန်ယူအသင်းက အာဆင်နယ်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ပင်နယ်တီဂိုး ခွင့်ပြုရမှုနှင့်အတူ ရှုံးပွဲ ကြုံခဲ့ရပြီး ဘယ်လာရင်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့သူ ပေါ့ဘာက သူ့ရဲ့အဆိုပါအမှားအတွက် အသက်တောင် မရှုနိုင်ခဲ့ကြောင်း  ဝန်ခံ ပြောကြားလိုက်သည်။ 

 

ပွဲကစားချိန် ၆၉ မိနစ်မှာပင် မန်ယူအသင်းကွင်းလယ်စူပါစတား ပေါ့ဘာက အာဆင်နယ်ခံစစ် ကစားသမား  ဘယ်လာရင်ကို ပင်နယ်တီဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ အာဆင်နယ်ကို ပင်နယ်တီပေးခဲ့ရကာ အာဆင်နယ် အသင်းခေါင်းဆောင် အူဘာမီယန်က ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သည့် အတွက်  ယင်းဂိုးတစ်ဂိုးဖြင့်ပင်  အာဆင်နယ်က မန်ယူအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုနိုင်ပွဲကြောင့်  အာဆင်နယ်မှာ မန်ယူအသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲ အဝေးကွင်းတွင်  ၁၄ နှစ်ကြာ အနိုင်မရရှိခဲ့သည့်   မှတ်တမ်းဆိုးကိုပါ အဆုံးသတ်နိုင်ခဲ့ခြင်းဖြစ်သည်။

 

ပေါ့ဘာက “ ဒီလို ပြစ်ဒဏ်မျိုးဖြစ်ဖို့ လုပ်ဆောင်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော့်စိတ်ထင် ကျွန်တော်က ဘောလုံးကို ထိခဲ့တယ်လို့ပဲ ထင်ခဲ့တာပါ၊   ဒါပေမယ့် အဲလို  မဟုတ်ခဲ့ဘူး။ ဒီပင်နယ်တီကပဲ တစ်ပွဲလုံးရဲ့ အဆုံးအဖြတ်ဖြစ်ခဲ့တာပါ။  ဒီအမှားကနေ ကျွန်တော် သင်ကြားရပါမယ်။ ကျွန်တော့်အနေနဲ့ ပင်နယ်တီ ဧရိယာအတွင်း  ခံစစ်ကစားရာမှာ အကောင်းဆုံး မဖြစ်ခဲ့ဘူး။ ဒီအရာကို ပြင်ဆင်ဖို့ ကြိုးစားရပါမယ် ဟု ပြောကြားခဲ့သည်။

 

ရှုံးပွဲကြုံရသူ မန်ယူအနေဖြင့် ပရီးမီးယားလိဂ်ခြောက်ပွဲကစားပြီးချိန် အဝေးကွင်းလေးပွဲတွင် တစ်ပွဲသာ သရေရလဒ်ထွက်ပေါ်ပြီး သုံးပွဲအရေးနိမ့်ရလဒ်ဖြင့်   ရမှတ်တစ်မှတ်သာ ရယူနိုင်ခဲ့ခြင်းက  မန်ယူအတွက် အဆိုးရွားဆုံး ရာသီအစဖြစ်ခဲ့သည်။ မန်ယူအသင်း ခေါင်းဆောင်ဟောင်း ရွိုင်းကိန်းက  မန်ယူအသင်းသားများ၏ ခြေစွမ်းအတက်အကျ မြန်မှုက နည်းပြ ဆိုးလ်ရှား ထုတ်ပယ်ခံရနိုင်သည်အထိ ပေးဆပ်ရနိုင်ကြောင်း ပြောကြားခဲ့သည်။

 

မန်ယူအသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ပီအက်စ်ဂျီ၊ လိုက်ပ်ဇစ်တို့ကို  အနိုင်ကစားနိုင်ခဲ့သော်လည်း ပရီးမီးယားလိဂ်တွင်မူ အိမ်ကွင်းမှာပင် ခရစ္စတယ်ပဲလေ့စ် အသင်းကို သုံးဂိုး-တစ်ဂိုး၊ စပါးအသင်းကို ခြောက်ဂိုး-တစ်ဂိုး၊ အာဆင်နယ်ကို တစ်ဂိုး-ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့ပြီးဖြစ်သည်။

မေလဲ့သင်း