မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက် ရုပ်ရှင်ကို ဇန်နဝါရီ ၉ ရက်တွင် ရုံတင်ပြသမည်

ရန်ကုန် ၂၈ ဒီဇင်ဘာ

 

မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက် ရုပ်ရှင်၏ အထူးပြပွဲကို ဒီဇင်ဘာ ၂၇ ရက်ညပိုင်းက ရန်ကုန်မြို့ Junction City ရှိ JCGV အဆင့်မြင့်ရုပ်ရှင်ရုံတွင် ပြသပြီး ဇန်နဝါရီ ၉ ရက်တွင် တစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံများတွင် ရုံတင်ပြသမည်ဖြစ်သည်။

 

ဤရုပ်ရှင်တွင် ဝတ္ထုနှင့် ဇာတ်ညွှန်း ဂျူး၊ ဒါရိုက်တာမီးပွား၊ သရုပ်ဆောင် ဒေါင်း၊ စိုင်းစည်တွမ်ခမ်း၊ ပိုင်ဖြိုးသု၊ အကယ်ဒမီ မေသဉ္ဇာဦးတို့က ပါဝင်သရုပ်ဆောင်ထားပြီး သင်္ကတေ ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ထုတ်လုပ်ထားသည်။

 

“ဒီဝတ္ထုကို ရုပ်ရှင်အနေနဲ့ ရသမြောက်အောင် တက်ညီလက်ညီနဲ့ ကြိုးစားထားပါတယ်၊ ဒါက ကျွန်တော်တို့ရဲ့ စေတနာတစ်ခုပါ၊ ပရိသတ်ကြီး ကြည့်ပြီး ဝေဖန်အကြံပေးစေချင်ပါတယ်၊ ကျွန်တော်တို့က အဲဒီအကြံပေးချက်တွေနဲ့ ရှေ့ဆက်ရမှာပါ” ဟု သရုပ်ဆောင် ဒေါင်းက ပြောသည်။

 

“ဒီကားမှာ ပါသမျှအဖွဲ့ဝင်တိုင်းက ကျရာတာဝန်ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ လက်ကုန် ကြိုးစားထားပါတယ်၊ ရုံတင်တဲ့အခါ ပရိသတ်ကြီးလာကြည့်ပေးပါ၊ ကြိုးစားထားတာလေးကို အသိအမှတ်ပြုပေးကြပါ” ဟု ပိုင်ဖြိုးသုက ပြောသည်။

 

mdn

 

“ဒါရိုက်တာ မီးပွားနဲ့က မြစ်တို့ရဲ့မာယာ ဇာတ်ကားကတည်းက စခဲ့တာ၊ မိတ်ဆွေတွေပါပဲ ယုံကြည်တဲ့သူလက်ထဲ ထည့်တဲ့သဘောပဲ၊ ကျွန်မတွေးမိတာ ရုပ်ရှင်ကိုကြည့်တဲ့ ပရိသတ်က ဆရာမရဲ့ ဝတ္ထုကို သိပ်မဖတ်ဖြစ်ဘူး။ နောက် ဝတ္ထုချည်းပဲ ဖတ်ထားတဲ့ ပရိသတ်က ရုပ်ရှင်ကို မကြည့်ဘူး။ ဒီပရိသတ်နှစ်ခုက နည်းနည်း တူချင်တူမယ်၊ ရုပ်ရှင်အဖြစ် ခံစားရင် ဘယ်လိုနေမလဲလို့ ကိုယ့်ကိုကိုယ် ယုံကြည့်တဲ့ စိတ်နဲ့ လက်ခံရိုက်ဖြစ်တာပါ” ဟု ဆရာမဂျူးက ပြောသည်။

 

“ဒီဇာတ်ကားက ဝတ္ထုမှာလည်းကောင်းခဲ့တယ်၊ ပါဝင်ခွင့်ရလို့ ကံကောင်းတယ် ပြောရမယ်၊ ကျွန်တော့အမြင်က အိမ်ထောင်ရေးမှာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိရမယ်၊ မာနတွေကြီးနေရင်တော့ မသာယာဘူးပေါ့၊ ဒီကာရိုက်တာမှာ သရုပ်ဆောင်တွေ ရာနှုန်းပြည့် ကြိုးစားထားပါတယ်၊ ဆရာမပရိသတ်အနေနဲ့ အကောင်းဆုံး ပုံဖော်ထားပါတယ်၊ လိုအပ်တာရှိရင်တော့ တောင်းပန်ပါတယ်၊ ဒီကားလေးကိုလာကြည့်ကြည့်ပါ၊ တန်စေရပါမယ်၊ နှစ်နာရီလောက်က ဇာတ်ရှိန် မကျသွားဘူး၊ ဆရာမဝတ္ထုကို ဦးပွားက ကင်မရာနဲ့ ပြန်ရေးသလိုပါပဲ”ဟု စိုင်းစည်တွမ်ခမ်းက ပြောသည်။

 

စာရေးဆရာမဂျူးက ၁၉၉၂-၉၃ ခုနှစ်တွင် စတင်ရေးသားပြီး၊ ၁၉၉၄ ခု၊ ဖေဖော်ဝါရီက ထုတ်ဝေခဲ့သည့် ဝတ္ထုပါဇာတ်ကောင်များကို ဒေါင်းနှင့် ပိုင်ဖြိုးသုတို့က အဓိကဇာတ်ကောင်များအဖြစ် သရုပ်ဖော်ရိုက်ကူးထားသည်။

 

သန့်ဇင်ဝင်း