Miss Gay Care Hpa-an 2018 အလှမယ်ရွေးချယ်ပွဲ ဘားအံမြို့တွင် ကျင်းပ

ဘားအံ ၁၅ မတ်

 

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် Youth Power လူငယ်အဖွဲ့မှ ဦးဆောင်၍ Miss Gay Care Hpa-an 2018 အလှမယ်ရွေးချယ်ပွဲကို မတ်လ ၁၄ ရက်နေ့ ည ၇ နာရီအချိန်က အမှတ်(၄)ရပ်ကွက် ကန်သာဦးခန်းမ၌ ကျင်းပသည်။

 

အဆိုပါအလှမယ်ရွေးချယ်ပွဲသည် ကရင်ပြည်နယ်တွင် ပထမဆုံးအကြိမ်ကျင်းပသည့်ပွဲဖြစ်ပြီး ဂေးလ်များအား ခွဲခြားဖိနှိပ်ခြင်း ကင်းစင်ပပျောက်စေရန်၊ ဂေးလ်များအချင်းချင်း ပိုမိုရင်းနှီးရန်နှင့်ဝန်ဆောင်မှုပေးသော စင်တာများနှင့် ချိတ်ဆတ်၍ ကျန်းမာရေးဝန်ဆောင်မှုများကို ပိုမိုရယူလာနိုင်စေရန်၊ လူအများလက်ခံလာအောင် ကောင်းမွန်သော အဖွဲ့အစည်းတစ်ရပ်အနေဖြင့် ပြုမူဆောင်ရွက်နိုင်ရန်၊ ဂေးလ်များသည်လည်း စွမ်းဆောင်ရည်ရှိသော လူသားများဖြစ်ကြ၍ ဗီဇအရပြောင်းလဲ၍မရသော လိင်စိတ်ကို လက်ခံပေးရန်နှင့် အသိအမှတ်ပြုပေးရန်၊ ပရဟိတလုပ်ငန်းများလုပ်ဆောင်၍ အများနှင့်ပူးပေါင်းပါဝင်တက်စေရန်၊ ပြည်နယ်ကိုယ်စားပြုအတတ်ပညာရှင်များ ပေါ်ပေါက်လာစေရန် ရည်ရွယ်ကျင်းပ ခြင်းဖြစ်ကာ ပြိုင်ပွဲသို့ ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ မော်လမြိုင်၊ ကျိုက်ထို၊ သထုံ၊ ရန်ကုန်၊ ကလေး၊ ပေါင်မြို့နယ်များ မှ ဂေးလ်အလှမယ် ၂၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

 

 

အလှမယ်ရွေးချယ်ပွဲတွင် ပြိုင်ပွဲဝင်အလှမယ်များမှ မြန်မာဝတ်စုံ၊ ညနေခင်းဝတ်စုံတို့ဖြင့် စိတ်ကြိုက်ကိုယ်ဟန်ပြ ယှဉ်ပြိုင်ခဲ့ကြပြီး  Miss Gay Care Hpa-an 2018 Winner ဆုကို ခါးနံပါတ် ၁၁ ရဲရဲ၊ 1st Runner Up ဆုကို ခါးနံပါတ် ၂၂  ဂျက်ဆီကာ ၊ 2nd Runner Up ဆုကို ခါးနံပါတ် ၁၇ ပန်ပန်တို့က ရရှိခဲ့သည်။

 

ယင်းအလှမယ်ရွေးချယ်ပွဲမှ ရရှိလာသည့် ဝင်ကြေးငွေများနှင့်အလှူငွေများကို လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသရှိ စစ်ဘေးရှောင်စခန်းနှင့် အခြားလိုအပ်သည့်နေရာဒေသများသို့ သွားရောက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)