မိတ်ဆွေကောင်းများနှင့် လက်တွဲကြိုးပမ်းမည်

၁၉ နိုဝင်ဘာ

 

စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သည့် (၃၃)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် နိုင်ငံ့ခေါင်းဆောင်များက ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာကိစ္စများကို ဆွေးနွေးခဲ့ကြသည့်အပြင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အရေးကိစ္စနှင့်စပ်လျဉ်း၍လည်း ဦးစားပေးဆွေးနွေးခဲ့ကြသည်။

 

ရခိုင်ပြည်နယ်အရေးကိစ္စသည် သိမ်မွေ့နက်နဲသည့် ကိစ္စတစ်ခု ဖြစ်ကြောင်း၊ အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏ ကြိုးပမ်းချက်များကို ထောက်ခံသွားမည်ဖြစ်ပြီး နေရပ်ပြန်လာသူများအတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးရာတွင်လည်းကောင်း၊ ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသိုက်အဝန်း နှစ်ရပ် အကြား သဟဇာတဖြစ်ရေးတို့ကို တိုးမြှင့်ဖော်ဆောင်ရာတွင် လည်းကောင်း တက်ကြွ၍ အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ရန် အသင့်ရှိကြောင်း အာဆီယံခေါင်းဆောင်များက ပြောကြားကြသည်။

 

ရခိုင်ပြည်နယ်အရေးကိစ္စနှင့်စပ်လျဉ်း၍ အာဆီယံခေါင်းဆောင်များက မိတ်ဆွေကောင်းပီသစွာဖြင့် အပြုသဘောဆောင်ကာ ဝိုင်းဝန်း ကူညီဖေးမဆောင်ရွက်ပေးနေချိန်တွင် ကမ္ဘာ့နိုင်ငံများကိုကိုယ်စားပြုသော ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပလျက်ရှိသည့် (၇၃)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယ ကော်မတီအစည်းအဝေးတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာဆုံးဖြတ်ချက်မူကြမ်းကို အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(အိုအိုင်စီ)နှင့် ဥရောပသမဂ္ဂ (အီးယူ)တို့က ပူးတွဲတင်သွင်းခဲ့သည်မှာ ဝမ်းနည်းဖွယ်ဖြစ်သည်။

 

တစ်ဖက်သတ်ကျခြင်း၊ ဘက်လိုက်ခြင်း၊ အပြုသဘောဆောင်မှု ကင်းမဲ့ခြင်း၊ နိုင်ငံရေးလှုံ့ဆော်မှုပြုခြင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် လူမှုစီးပွားရေး တိုးတက်ဖြစ်ပေါ်မှုအခြေအနေများကို အသိအမှတ်ပြုမှု မရှိခြင်းတို့သည် အင်အားနည်းသည့် ပစ်မှတ်တစ်ခုအပေါ် ပူးတွဲအဆိုရှင် နိုင်ငံများ၏ရန်လိုမှုနှင့် အာဏာရှင်ဆန်မှုကို ရှင်းရှင်းလင်းလင်း ပြသလိုက်ခြင်းပင်ဖြစ်သည်။ စိတ်ခံစားမှုဇာတ်ကြောင်းကိုသာ အခြေခံထား သည့် ဆုံးဖြတ်ချက်မူကြမ်းသည် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဖိအားများ ပိုမိုကျရောက်ရန် ရည်ရွယ်ဟန်ရှိသည်။ ရခိုင်ပြည်နယ်ရှိ မတူညီသော အသိုက်အဝန်းများအကြားသာမက မြန်မာနိုင်ငံနှင့် နိုင်ငံတကာအကြား အယုံအကြည်ကင်းမဲ့မှုနှင့် စိတ်ဝမ်းကွဲမှုကို ပိုမိုဖြစ်ပေါ်စေသည်။ ပဋိပက္ခအတွက် မှန်ကန်သောအဖြေ၊ နားလည်မှုနှင့် ပြန်လည်သင့်မြတ်မှုတို့ကို ရှာဖွေရမည့်အစား နိုင်ငံတစ်နိုင်ငံ ပျက်စီးရာပျက်စီးကြောင်း ဖြစ်စေမှုကို ဦးတည်ထားသည်။

 

နိုင်ငံရေးအရ လှုံ့ဆော်မှုများပါဝင်သည့် ဆုံးဖြတ်ချက်ကို ထပ်မံအတည်ပြုခြင်းသည် ရခိုင်ပြည်နယ်အရေးကို ဖြေရှင်းနေသည့် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုများကို အထောက်အကူမပြုဘဲ ယုံကြည်မှုပျက်ပြားစေမှုနှင့် တင်းမာမှုများကို ပိုမိုဖြစ်ပေါ်စေသည်။ ကုလသမဂ္ဂအနေဖြင့် ငြိမ်းချမ်းရေး၊ သဟဇာတရှိစေရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို မြှင့်တင်အားပေးသင့်ပြီး အမုန်းတရား၊ အယုံအကြည်ကင်းမဲ့မှုနှင့် အယူဝါဒကွဲပြားမှုတို့ကို အားမပေးသင့်ကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ဦးဆောင်မှု အောက်တွင် ငြိမ်းချမ်းရေးတည်ဆောက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ၅၄ သန်းသော ပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစဉ်အမြဲ စည်းလုံးညီညွတ်လျက်ရှိကြကြောင်း၊ ဒီမိုကရေစီစနစ် အောင်မြင်ရေးအတွက် မိတ်ဆွေများ၏အားပေး ကူညီမှုနှင့် စိတ်ကောင်းစေတနာကောင်းများဖြင့် မိမိတို့သည် မဆုတ်မနစ်သည့် ဇွဲ၊ လုံ့လဖြင့် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အမြဲတမ်း ကိုယ်စားလှယ်က ကုလသမဂ္ဂ တတိယအစည်းအဝေးတွင် ထပ်လောင်းအတည်ပြုပြောကြားခဲ့သည်။ မြန်မာနိုင်ငံအပေါ် မည်သို့ပင် ဟန့်တားနှောင့်ယှက်သော်လည်း စိတ်မပျက်၊ အားမလျှော့၊ နောက်မဆုတ်ဘဲ ဖြောင့်မတ် မှန်ကန်သည့်ခရီးလမ်းကို ရဲရဲဝံ့ဝံ့ဆက်လက်လျှောက်လှမ်းသွား မည်ဖြစ်သည်။

 

သို့ဖြစ်ရာ ရခိုင်ပြည်နယ်အရေးကိစ္စသာမက မြန်မာနိုင်ငံတစ်ခုလုံး တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်သူများ၊ မိတ်ဆွေနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းလက်တွဲ၍ လူ့အခွင့်အရေးမြှင့်တင်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှုတို့ကို မဆုတ်မနစ် ကြိုးပမ်း အားထုတ်သွားမည် ဖြစ်ပါကြောင်း။ ။(ကြေးမုံ)