မိတ်ကောင်း ဆွေကောင်း အိမ်နီးချင်းကောင်း တပ်မတော်၏ ၉၅ နှစ်တာ ခရီး . . . . .

မိတ်ကောင်း ဆွေကောင်း အိမ်နီးချင်းကောင်း တပ်မတော်၏ ၉၅ နှစ်တာ ခရီး . . . . .

 

မောင်မျိုးအောင်(ပန်းဧရာ)

 

လူသားတို့သည် တစ်ဦးတစ်ယောက်တည်း ထီးတည်းရှင်သန်ရပ်တည်နိုင်ရန်ကား ခက်ခဲကြမ်းတမ်းလှ၏။ သို့ဖြစ်၍ ပေါင်းသင်းဆက်ဆံရန် အေးအတူပူအမျှ၊ ဖေးမကူညီပေးတတ်သော အပေါင်းအသင်းကောင်းများရှိရန် အထူးတလည်ပင် လိုအပ်လှပေသည်။ သစ်ပင်ပန်းမန်တို့သည် တစ်ပင်တည်း ထီးတည်းရပ်တည်ခြင်းထက် အစုအဖွဲ့ဖြင့်ရှိနေမှသာ လေဒဏ်မိုးဒဏ်ကို ကြံ့ကြံ့ခံနိုင်မည်ဖြစ်သည်။ လူတစ်ဦးတစ်ယောက်၊ သစ်ပင်တစ်ပင်ကဲ့သို့ပင် နိုင်ငံတစ်နိုင်ငံအတွက်လည်း မိတ်ကောင်းဆွေမွန် လိုအပ်ပါသည်။ မိသားတစ်စု၊ အဖွဲ့တစ်ဖွဲ့၊ ကျေးရွာတစ်ရွာမှသည် တူရာလူမျိုးစုများကိုစုစည်းပြီး လူသားမျိုးနွယ်များ စုပေါင်းနေထိုင်ကြရာမှ တိုင်းနိုင်ငံ အသီးသီးဖြစ်ပေါ်လာခဲ့ကြသည်။ လူ့အဖွဲ့အစည်းဟူ၍ ပေါ်ပေါက်လာသည့်နောက် သမိုင်းဦးဘုံမြေခေတ်၊ ကျွန်ပိုင်ရှင်ခေတ်၊ မြေရှင်ပဒေသရာဇ် ခေတ်ကာလတို့မှသည် ကာလရွေ့လျားလာသည်နှင့်အမျှ နိုင်ငံတစ်ခုအတွက် လိုအပ်သော စံနှုန်းသတ်မှတ်ချက်များကို ပြဋ္ဌာန်းလာခဲ့ရာ မျက်မှောက်ကာလတွင် ကမ္ဘာပေါ်၌ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် သတ်မှတ်နိုင်ရေးအတွက် ပိုင်နက်နယ်မြေ၊ အမြဲတမ်းနေထိုင်သည့် လူဦးရေ၊ အုပ်ချုပ်သည့်အစိုးရ၊ အချုပ်အခြာအာဏာနှင့် နိုင်ငံတကာမှ အသိအမှတ်ပြုမှုဟူသည့်အချက်များနှင့် ပြည့်စုံရန် လိုအပ်သည်ဟု ဆိုလာကြပါသည်။ အချုပ်အခြာအာဏာပိုင် နိုင်ငံတော်ဟူ၍ ဖြစ်လာသည်နှင့် အိမ်နီးချင်းဆိုသည်မှာ ရှိလာရစမြဲပင်ဖြစ်သည်။ အိမ်နီးချင်းဟုဆိုသည်နှင့် မိမိကိုအကျိုးပြုသော အိမ်နီးချင်းများ ရှိနိုင်သကဲ့သို့ မိမိထံမှ အကျိုးအမြတ်များကိုသာ မျှော်ကိုးသော အိမ်နီးချင်းများလည်း ရှိတတ်ကြပါသည်။ သို့သော် ရွေးချယ်၍ ရကောင်းသော အရာမဟုတ်ပါချေ။

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် အာရှတိုက်၏ အရှေ့တောင်ဘက်၊ အင်ဒိုချိုင်းနားကျွန်းဆွယ်၏ အနောက်ဘက်ဆုံး အပိုင်းတွင် တည်ရှိသည်။ မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တွင် တရုတ်နိုင်ငံ၊ အရှေ့ဘက်တွင် လာအိုနိုင်ငံ၊ အရှေ့တောင်ဘက်တွင် ထိုင်းနိုင်ငံ၊ အနောက်ဘက် တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အနောက်မြောက်ဘက်တွင် အိန္ဒိယနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက် ရှိသည်။ ထိုသို့နယ်နိမိတ်ချင်းထိစပ်နေသည့် အိမ်နီးချင်း ၅ နိုင်ငံအထဲတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်နယ်နိမိတ် အရှည်လျားဆုံး ထိစပ်နေသည့် နိုင်ငံတစ်ခုပင်ဖြစ်သည်။ နယ်နိမိတ်ချင်းထိစပ် လျက်ရှိသည့်အားလျော်စွာ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ရှည်လျားသော သမိုင်းကြောင်းနှင့်အတူ မိတ်ဝတ်မပျက် ချစ်ကြည်ရင်းနှီးစွာဖြင့် အိမ်နီးချင်းကောင်းပီသစွာ ယှဉ်တွဲနေထိုင်ခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ ထူထောင်မှုကို တရားဝင် အသိအမှတ်ပြု

 

၁၉၁၁ ခုနှစ်တွင် ဒေါက်တာဆွန်ယက်ဆင် ဦးဆောင်သည့် တုန်မင်ဝှေ့ (ခေါ်) အမျိုးသားအသင်းအဖွဲ့များသည် တရုတ်ပြည်အတွင်း နှစ်ပေါင်း ၂၆၀ ကျော်မျှ အုပ်စိုးလာခဲ့သော မန်ချူးတို့ကို တော်လှန်ခဲ့ကြပြီး ၁၉၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် တရုတ်သမ္မတနိုင်ငံကို ထူထောင်ခဲ့ကြပါသည်။ နောက်ပိုင်းတွင် တရုတ်အမျိုးသားရေးပါတီအဖြစ် ဖွဲ့စည်းသည့် ကူမင်တန်ပါတီ (KMT)နှင့် ကွန်မြူနစ်ခေါင်းဆောင်များ ဦးဆောင်ဖွဲ့စည်းသည့် တရုတ်ကွန်မြူနစ်ပါတီနှစ်ခုကြား ကာလရှည်စစ်ပွဲများ ဖြစ်ပွားခဲ့ပြီး မော်စီတုန်း၏ ဦးဆောင်မှုဖြင့် ကွန်မြူနစ်တို့က အောင်ပွဲရရှိခဲ့ကြသည်။ ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအဖြစ် ထူထောင်ကာ အစိုးရအဖွဲ့ကို ပီကင်းမြို့တော်တွင် ရုံးစိုက်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်မှုကို တရားဝင် အသိအမှတ်ပြုသည့် ကြေညာချက်တစ်ရပ်အား ၁၉၄၉ ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိုကဲ့သို့ မြန်မာနိုင်ငံ၏ တရုတ်နိုင်ငံအပေါ် ကြိုဆိုထောက်ခံခြင်းသည် အာရှတိုက်တွင် အစောဆုံး အသိအမှတ်ပြုပေးသည့် နိုင်ငံဖြစ်ခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့်လည်း ထိုသို့မြန်မာနိုင်ငံ၏ ခရီးဦးကြိုဆိုမှုနှင့် အစိုးရချင်း တရားဝင် အသိအမှတ်ပြုမှုအပေါ် ဝမ်းသာကျေးဇူးတင်ရှိပါကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။ မိမိတို့ နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှု အကျိုးစီးပွားကို မလိုလားသော အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ပံ့ပိုးမှုဖြင့် တရုတ်ဖြူ ကူမင်တန်တပ်များသည် ၁၉၅၀ ပြည့်လွန်ကာလများတွင် မြန်မာနိုင်ငံအတွင်း တဖြည်းဖြည်းနှင့် ခြေကုပ်ယူကာ နယ်မြေချဲ့ထွင်ရန် ကြိုးပမ်းလာခဲ့ကြပါသည်။ အမေရိကန်၏ ပံ့ပိုးမှုဖြင့်အစပြုခဲ့သော တရုတ်ဖြူကျူးကျော်မှုသည် မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးကို ပျက်ပြားစေရန်ရည်ရွယ်ခဲ့သည်။ သို့သော်မြန်မာ နှင့်တရုတ်သည် “ဘယ်သူတရားပျက်ပျက်၊ ကိုယ်မပျက်စေနှင့်” ဟူသည့်အတိုင်း ကူမင်တန်တို့အား လက်တွဲညီညီ နိုင်ငံအတွင်းမှ မောင်းထုတ်ကာ အစိုးရချင်း၊ ပြည်သူချင်း၊ တပ်မတော်ချင်း ရင်းရင်းနှီးနှီးရှိခဲ့ခြင်းဖြင့် အိမ်နီးချင်းကောင်း ပီသမှုကို ပြသနိုင်ခဲ့သည်။

 

တရုတ်-မြန်မာနယ်နိမိတ်စာချုပ် အတည်ပြုစာချွန်တော်များ လဲလှယ်

 

တရုတ်-မြန်မာဆက်ဆံရေးနှင့် ပတ်သက်၍ ၁၉၆၁ ခုနှစ် ဇန်နဝါရီလတွင် တရုတ်-မြန်မာ နယ်နိမိတ်စာချုပ် အတည်ပြု စာချွန်တော်များ လဲလှယ်ရန် တရုတ်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ရောက်ရှိစဉ် တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းက “တရုတ် မြန်မာနှစ်နိုင်ငံ ပြည်သူတို့ ကူးလူးဆက်ဆံလာခဲ့ကြတာ ရှေးအထက်ကျော်ကာရီ ကတည်းက ဖြစ်ပါတယ်။ အက္ခရာတင် မှတ်တမ်းများကို ကျွန်တော်တို့နိုင်ငံ ဟန်မင်းဆက် သမိုင်းစာတမ်းများကစပြီး တွေ့နိုင်ပါတယ်။ ကျွန်တော်တို့နိုင်ငံ ဟန်မင်းဆက် ကဗျာဆရာများဟာ ဟိုးအခါက တရုတ်ပြည်မှာ တင်ဆက်ကပြ ခဲ့ကြတဲ့ မြန်မာတေးဂီတနဲ့အကတို့ကို ကဗျာများ အထူးဖွဲ့နွဲ့သီကုံးပြီး ချီးကျူးခဲ့ဖူးပါတယ်။ ဒီလို အပြန်အလှန် သွားလာတာဟာ အခါမလပ် တိုးပွားလာခဲ့ပါတယ်၊ နှစ်ပရိစ္ဆေဒကြာညောင်းစွာ ပျက်ပြယ်ခြင်းမရှိခဲ့ပါဘူး” ဟူ၍ ပြောကြားခဲ့သည်ကို လေ့လာမှတ်သားခဲ့ရဖူးသည်။

 

 

mdn

 

 

ဘက်ပေါင်းစုံမှ အားပြိုင်ထိုးနှက် တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရ

 

တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့အလယ်တွင် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအင်အား တောင့်တင်းခိုင်မာလာမှုသည် နိုင်ငံကို ဦးဆောင်ဦးရွက်ပြုခဲ့သော တရုတ်ကွန်မြူနစ်ပါတီ၏ အခန်းကဏ္ဍသည် အဓိကကျသကဲ့သို့ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (People's Liberetion Army- PLA) သည်လည်း အခရာကျလှသည်။ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ကို ၁၉၂၇ ခုနှစ်၊ ဩဂုတ်လ ၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယနေ့ဆို လျှင် ၉၅ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ တရုတ်လူမျိုးတို့အတွက် ဂုဏ်ယူဝင့်ကြွားဖွယ်ရာ သမိုင်းဝင် နေ့ထူးနေ့မြတ် တစ်နေ့ပင်ဖြစ်သည်။ မြန်မာ့သမိုင်းနှင့် တပ်မတော်၏သမိုင်းသည် ထာဝစဉ်ဒွန်တွဲနေသကဲ့သို့ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်သည်လည်း တရုတ်နိုင်ငံ၏သမိုင်းတွင် အရေးပါသည့် အခန်းကဏ္ဍမှပါဝင်ခဲ့သည်။ အင်အားကြီး နိုင်ငံများ၏ နိုင်ငံငယ်များအပေါ် တစ်ဖက်စောင်းနင်း ထိုးနှက်တိုက်ခိုက်မှုများမှာ သမိုင်းစဉ် တစ်လျှောက်မှသည် ယနေ့ကာလတိုင် ရှိနေဆဲ ဖြစ်ရာ တရုတ်နိုင်ငံသည်လည်း ဆိုးရွားလှသော သမိုင်းဖြစ်စဉ်များနှင့် ရင်ဆိုင်ခဲ့ရသည်။ တရုတ်နိုင်ငံအနေဖြင့် အမေရိကန် ဦးဆောင်သည့် အနောက်နိုင်ငံများ၏ ဖိနှိပ်မှုကို အစဉ်တစိုက် ခံခဲ့ရသည့် သာဓကများရှိခဲ့၏။ နိုင်ငံရေး၊ စီးပွားရေး၊ မဟာဗျူဟာလက်နက်၊ ဝါဒသဘောတရားရေး စသည်ဖြင့် ဘက်ပေါင်းစုံမှ အားပြိုင်ထိုးနှက် တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ သို့တိုင်အောင် တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့အလယ်တွင် ခံ့ညားထည်ဝါစွာ မားမားမတ်မတ် ရပ်တည်နိုင်ခဲ့သည်မှာ တရုတ်နိုင်ငံရှိ ပြည်သူတို့၏ တိုင်းပြည်တိုးတက်ရေးအတွက် မဆုတ်မနစ်သော ဇွဲ၊ လုံ့လတို့ဖြင့် ကြိုးပမ်းအားထုတ်မှုရှိခြင်း၊ အင်အားတောင့်တင်းသည့် ခေတ်မီ တပ်မတော်တစ်ရပ်ရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း ပေါ်လွင်ထင်ရှားလှ၏။

 

တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော်ကြီးကို မတည်ထောင်မီကပင် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်ကို စတင်ဖွဲ့စည်းခဲ့သည်။ ထိုစဉ်က ၁၉၃၃-၁၉၃၅ ခုနှစ်တွင် မော်စီတုံး ဦးဆောင်သော တရုတ်ကွန်မြူနစ်ပါတီဝင်များနှင့် တပ်နီတော် စစ်သားများပါဝင်သည့် အင်အား ၈၀၀၀၀ ဦးဖြင့် တရုတ်ပြည် အရှေ့တောင်ဘက်မှ အနောက်မြောက် ဘက်သို့ ခရီးရှည်ချီတက်ပွဲကြီးကို ဆင်နွှဲခဲ့ကြသည်။

 

အလုပ်သမားနှင့် တောင်သူလယ်သမား တပ်နီတော်၊ သို့မဟုတ် တရုတ်တပ်နီတော်ဟု ခေါ်တွင်ခဲ့သော ထိုအဖွဲ့ကြီးသည် ခရီးစဉ်အတွင်း တောင်တန်းကြီးပေါင်း ၁၈ ခုကိုကျော်ဖြတ်၍ မြစ်ပေါင်း ၂၄ ခုကို ဖြတ်ကူးခဲ့ကြသည်။ မြောက်မြားစွာသော သဲကန္တာရများ၊ နုန်းများ၊ နွံများကိုလည်း ဖြတ်ကျော်ခဲ့ကြရသည်။ ထိုသို့ချီတက်နေစဉ်အတွင်း ချန်ကေရှိတ်၏ ကူမင်တန်တပ်များ၏ ပိတ်ဆို့တိုက်ခိုက်မှု၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများအပြင် နယ်စပ်ဒေသ ၆ ခုကို ဖြတ်သန်းသွားသည့် အခါတွင်လည်း ဒေသခံတောင်ပေါ်သားတို့၏ ချောင်းမြောင်းတိုက်ခိုက်မှု စသည့် အခက်အခဲပေါင်းများစွာကို ကြုံတွေ့ခဲ့ကြရသည်။ စခန်းချနေထိုင်မည့် ယင်အန်းသို့ ရောက်ရှိချိန်တွင် ခရီးရှည် ချီတက်ပွဲ၌ပါဝင်သည့် လူ ၈၀၀၀၀ အနက် ၃၅၀၀၀ မှာ သေဆုံး၊ ပျောက်ဆုံးမှုများဖြင့် ပြုန်းတီးခဲ့ရပါသည်။ ၁၉၃၇ ခုနှစ်တွင် တရုတ်တပ်နီတော်သည် ဂျပန်တို့၏ ကျူးကျော်မှုအား ချန်ကေရှိတ်၏ ကူမင်တန်ပါတီအစိုးရနှင့် အမျိုးသား ညီညွတ်ရေးကို ရယူလျက် တွန်းလှန်တိုက်ထုတ်ခဲ့ကြသည်။ ဂျပန်တို့စစ်ရှုံးပြီးနောက် ပြည်တွင်းစစ်ကာလအတွင်း တရုတ်တပ်နီတော်အား ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ဟု ပြင်ဆင်သတ်မှတ်ခဲ့သည်။ တရုတ်ယဉ်ကျေးမှု တော်လှန်ရေးကာလအတွင်း တိုင်းပြည်အကျပ်အတည်းများ ဖြစ်ပေါ်ခဲ့ချိန်တွင် တရုတ်တပ်နီလူငယ်များနှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်တို့အကြား ပြဿနာအချို့ရှိခဲ့သော်လည်း ဝန်ကြီးချုပ် ချူအင်လိုင်း၏ ကြိုးပမ်းမှုကြောင့် ထိပ်တိုက်ရင်ဆိုင် တွေ့ဆုံခြင်းမရှိဘဲ ပြေလည်သွာ ခဲ့ရပါသည်။ ထိုစဉ်က ယဉ်ကျေးမှုတော်လှန်ရေးကြောင့် ၁၉၆၇-၁၉၆၈ ခုနှစ်တွင် တရုတ်ပြည် တစ်ဝန်း၌ လမ်းပန်းအဆက်အသွယ်များ ပြတ်တောက်သွားခဲ့သည်။ အလုပ်ချိန်နာရီများလည်း လျော့နည်းသွားခဲ့ပြီး အကျိုးဆက်အားဖြင့် စက်မှုကုန်ထုတ်လုပ်ရေး လုပ်ငန်းများကျဆင်းခဲ့၏။ ထိုအခြေအနေမျိုးကို တရုတ်ကွန်မြူနစ်ပါတီက လမ်းညွှန်ချမှတ်ထားသည့် စီးပွားရေးစီမံကိန်း လျာထားချက်များအတိုင်း ပြည့်မီအောင် ချူအင်လိုင်းက ထိန်းသိမ်းတည့်မတ်ပေးနိုင်ခဲ့သည်။

 

ကာကွယ်ရေးအင်အားတောင့်တင်းရေးကို အလေးပေးဆောင်ရွက်ခဲ့

 

နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို တင်းပြည့်ကျပ်ပြည့် ကာကွယ်နိုင်စွမ်းအားသည် ယင်းနိုင်ငံ၏ ကာကွယ်ရေးစွမ်းအား မည်မျှတောင့်တင်းခိုင်မာသည်ဆိုသော အချက်ဖြင့်သာ တိုင်းတာနိုင်မည်ဖြစ်ပါသည်။ ကာကွယ်ရေးစွမ်းအား အဘက်ဘက်မှ လျော့ပါးချိန်တွင် ကမ္ဘာ့နိုင်ငံအချို့သည်လည်း နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ရသည်။ တရုတ်နိုင်ငံသည်ပင်လျှင် ၁၈၉၄-၁၈၉၅ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၃၇-၁၉၄၅ ခုနှစ်တွင် တစ်ကြိမ် ဂျပန်တို့၏ ကျူးကျော်မှုများကိုခံခဲ့ရသည်။ ပထမအကြိမ်တွင် ထိုင်ဝမ်ကျွန်းကို လက်လွှတ်ခဲ့ရ၏။ ဒုတိယအကြိမ်တွင် မဟာမိတ်များ၏ ပူးပေါင်းတိုက်ပွဲဝင်မှုဖြင့် ဂျပန်တို့အား အပြီးတိုင်တိုက်ထုတ် နိုင်ခဲ့ပါသည်။ တရုတ်အစိုးရအဆက်ဆက်သည် အတိတ်တွင် ကြုံတွေ့ခဲ့ရသော တိုင်းပြည်ကာကွယ်ရေးနှင့် ပတ်သက်သည့် အတွေ့အကြုံများကို သင်ခန်းစာယူလျက် ခေတ်အဆက်ဆက်၌ ကာကွယ်ရေး အင်အားတောင့်တင်းရေးကို အလေးပေးဆောင် ရွက်ခဲ့ကြပါသည်။ သမ္မတ ကျန်ဇီမင်းလက်ထက်တွင် ပါတီနှင့်စစ်ဘက် ဆက်ဆံရေး၏ အရေးပါမှု၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ အားထားမှု၊ နိုင်ငံတကာ တိုက်ပွဲအတွေ့အကြုံများကိုလေ့လာ၍ သင်ခန်းစာ ဖော်ထုတ်မှု စသည်ဖြင့် စစ်ရေးမူဝါဒပိုင်းဆိုင်ရာ တွေးခေါ်မှုနယ်ပယ်တွင် ပိုမိုကျယ်ပြန့်စွာထည့်သွင်း စဉ်းစားလာမှု နမူနာပုံစံသစ်ကို မျိုးစေ့ချပေးနိုင်ခဲ့သည်။ ကျန်ဇီမင်း၏ ထုတ်ပြန်ချက်ဖြစ်သည့် “အနာဂတ်တွင် ဖြစ်ပွားမည့် စစ်ပွဲများတွင် နည်းပညာ မြင့်မားသောစစ်ပွဲ၊ ဘက်စုံစစ်ပွဲ၊ အီလက်ထရွန်နစ်စစ်ပွဲနှင့် ဒုံးလက်နက်စစ်ပွဲတို့ ပါဝင်ကြမည်ဖြစ်ပြီး တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်အနေဖြင့် လက်တွေ့ကျကျ တိုက်ပွဲဝင်အသင့်ဖြစ်စေရမည်” ဆိုသည့် စစ်ရေး မူဝါဒသစ်၏ အဓိကအနှစ်သာရဖြစ်ခဲ့သည်။

 

ယနေ့အချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေဖြင့် ကမ္ဘာ့အလယ်တွင် နိုင်ငံရေး၊ စစ်ရေးနှင့် စီးပွားရေးအင်အားကို တောင့်တင်းခိုင်မာလာအောင် တည်ဆောက်နိုင်ခဲ့သည်သာမက တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (People's Libere-tion Army- PLA) ကိုလည်း နည်းပညာသစ်များ နှင့် လက်နက်ဆန်းများကိုပိုင်ဆိုင်သည့် စွမ်းဆောင်ရည် မြင့်မားသော ကမ္ဘာ့အဆင့်မီတပ်မတော်အဖြစ် တည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။ ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ရေတပ်ကို ပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်သလို အဆင့်မြင့်ဆုံးသော ဒုံးလက်နက်များ၊ လေကြောင်းရန် ကာကွယ်ရေးစနစ်များကို ပိုင်ဆိုင်ထားသည့် နိုင်ငံလည်းဖြစ်သည်။ ထို့အပြင် နိုင်ငံ၏ ရေပြင်ပိုင်နက်ကို ကာကွယ်နိုင်ရန်၊ မဟာဗျူဟာအရအရေးကြီးသည့် စစ်ဆင်မှုများကို ဆောင်ရွက်နိုင်ရန်အတွက် တရုတ်နိုင်ငံရဲ့ တတိယမြောက် လေယာဉ်တင်သင်္ဘောကို ၂၀၂၂ ခုနှစ် ဇွန်လ ၁၇ ရက်တွင် ရေချနိုင်ခဲ့ခြင်းသည် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၏ စစ်ရေးအင်အားတောင့်တင်း ခိုင်မာမှုကို ပြသနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

 

ကမ္ဘာ့ထိပ်တန်းတပ်မတော်အဖြစ် ရပ်တည်နိုင်ခဲ့

 

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ဆောင်ရွက်ချက်များမှာလည်း နိုင်ငံတကာအတွက် စံပြလုပ်ဆောင်မှုပင်ဖြစ်ခဲ့ပါသည်။ ကိုဗစ်-၁၉ ရောဂါ စတင်ကူးစက်ချိန်မှစ၍ ဗဟိုစစ်ကော်မရှင်၏ ထောက်ပံ့ပို့ဆောင်ရေး ပူးပေါင်းတပ်ဖွဲ့အား ဝူဟန်မြို့တွင် ရုံးထိုင်စေခဲ့ပါသည်။ ဟူဘေးခရိုင်အတွင်း ကူးစက်လူနာများ ကုသမှုခံယူနိုင်ရေးအတွက် တပ်မတော်သားဆရာဝန် တစ်သောင်းကျော်ကိုလည်း ပို့ဆောင်ပေးခဲ့သည်။ ဆေးရုံများသို့ ပစ္စည်းများထောက်ပံ့ခြင်း၊ သွားလာမှုကန့်သတ်ခြင်းများ ပြုလုပ်ထားသည့်နေရာများရှိ ပြည်သူများအတွက် အစားအသောက်များ ဖြန့်ဝေခြင်းတို့ကိုလည်း ဆောင်ရွက်ပေးခဲ့သည်။ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် ဆေးတက္ကသိုလ်မှ အထူးကု ပါရဂူများအနေဖြင့်လည်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ လမှာပင် ဝူဟန်မြို့သို့ ရောက်ရှိခဲ့ကြပြီး ကာကွယ် ဆေး ထုတ်လုပ်နိုင်ရေးအတွက် တက်တက်ကြွကြွ ဆောင်ရွက်ခဲ့ကြသည်။ လက်ရှိသမ္မတ ရှီကျင့်ဖျင် လက်ထက်တွင် တရုတ်နိုင်ငံ၏ သမိုင်းတစ်လျှောက် မကြုံဖူးသော အဆင့်မြှင့်တင်မှုများ ဆောင်ရွက် လျက်ရှိနေသည်ကို တွေ့မြင်ရ၏။ ထို့အတွက်ကြောင့်ပင် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်သည် ကမ္ဘာ့ထိပ်တန်း တပ်မတော်အဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင် ဦးဆောင်သည့် အဖွဲ့ဝင် ၇ ဦးပါဝင်သော ဗဟို စစ်ကော်မရှင်သည် တရုတ်နိုင်ငံ၏ စစ်ဘက်ဖွဲ့စည်းပုံတွင် အမြင့်ဆုံးအဖွဲ့အစည်းဖြစ်ပြီး နိုင်ငံတော် လက်နက်ကိုင် တပ်ဖွဲ့များအားလုံးကို ပေါင်းစည်းကွပ်ကဲခြင်း၊ စစ်ရေးမဟာဗျူဟာဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ စစ်လက်နက်ပစ္စည်းများ တိုးတက်တီထွင်ထုတ်လုပ်မှုနှင့် တပ်ဆင်မှုတို့အား ကြီးကြပ်ခြင်း စသည်တို့ အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့များ အားလုံးအပေါ်တွင် ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖြစ် ဆောင်ရွက်ရသော အဖွဲ့အစည်းဖြစ်သည်။

 

 

mdn

 

 

နိုင်ငံတော်ကာကွယ်ရေးမူဝါဒ ချမှတ်ခဲ့

 

တရုတ်နိုင်ငံသည် အမျိုးသားကာကွယ်ရေး မူဝါဒ(National Defense Policy) ချမှတ်ရာတွင် ခုခံကာကွယ်ရေး (Defensive) ကို အလေးပေးသော မူဝါဒကိုသာ ဦးစားပေးချမှတ် ဖော်ဆောင်နေလျက် ရှိသည်။ ထို့အပြင် နိုင်ငံတော် အချုပ်အခြာအာဏာ၊ လုံခြုံရေးနယ်မြေ တည်တံ့ခိုင်မြဲရေးတို့ကို ထိန်းသိမ်းကာကွယ်ခြင်း၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားနှင့် တရုတ်ပြည်သူတို့၏အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ခြင်းတို့ကိုလည်း အခြေခံ၍ နိုင်ငံတော်ကာကွယ်ရေးမူဝါဒကို ချမှတ်ခဲ့သည်။ တရုတ်နိုင်ငံ၏ အမျိုးသားကာကွယ်ရေး မူဝါဒချမှတ်မှုအား ကြည့်ပါက တရုတ်တပ်မတော်အနေဖြင့် နိုင်ငံကာကွယ်စောင့်ရှောက်ရေးအတွက် မည်မျှအထိ အလေးပေးနေကြောင်း ထင်ရှားလှပါသည်။ တပ်မတော်၏ အင်အားနှင့် မူဝါဒခိုင်မာတောင့်တင်းမှသာ နိုင်ငံတည်ငြိမ် အေးချမ်းတည်တံ့နေမည်မှာ သံသယဖြစ်ဖွယ်မရှိသည့် အချက်ပင်ဖြစ်ပါသည်။ နိုင်ငံတကာအရေး ကိစ္စများတွင် အခြားသောအင်အားကြီး နိုင်ငံအချို့နှင့် ထိပ်တိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ကြုံတွေ့နေရဆဲဖြစ်ပြီး အဆိုပါအရေးကိစ္စများကို ပြေလည်အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း တွေ့ရှိရသည်။ ကမ္ဘာ့အိုလံပစ် ပွဲတော်ကို လက်ခံကျင်းပနိုင်ခဲ့ခြင်းအားဖြင့်လည်း တရုတ်နိုင်ငံ၏ အဆင့်မီနည်းပညာများနှင့် အခြားသောကဏ္ဍစုံ တို့၏ ဖွံ့ဖြိုးတိုးတက်နေမှုများကို ဖော်ထုတ်ပြသခွင့် ရရှိစေခဲ့ပါသည်။

 

ယနေ့ကမ္ဘာကြီးတွင် နိုင်ငံအသီးသီးသည် နိုင်ငံ တော်လုံခြုံရေးနှင့် ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက် ရေးတို့အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင် ရွက်လျက်ရှိပါသည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၊ နားလည်မှု၊ ယုံကြည်စိတ်ချ ရမှုများရရှိစေရန် ကြိုးစားဆောင်ရွက်လျက်ရှိကြ၏။ မြန်မာ့အရေးနှင့် ပတ်သက်လာလျှင်လည်း ခေတ် အဆက်ဆက် အိမ်နီးချင်းကောင်းဟူသော ဂုဏ်ပုဒ်အပြင် မိတ်ဆွေကောင်းဟူသော ခံယူချက်ဖြင့် တရုတ်နိုင်ငံသည် သမိုင်းစဉ်ဆက် သက်သေထူလျက်ရှိသည်။ တရုတ်နှင့် မြန်မာတို့သည် ငြိမ်းချမ်း စွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်ပါ အတိုင်း တစ်ဖက်နှင့်တစ်ဖက် နားလည်မှုရှိစွာ ဆောင်ရွက်ခဲ့သောကြောင့် အခြားသော ကမ္ဘာ့အဖွဲ့ အစည်းများကပင် အတုယူခဲ့ရသည်အထိဖြစ်ခဲ့ရပါသည်။

 

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက်အရေးကြီးသော အိမ်နီးချင်း အင်အားကြီး နိုင်ငံတစ်ခု ဖြစ်သကဲ့သို့ မြန်မာနိုင်ငံသည်လည်း တရုတ်နိုင်ငံ အတွက် ပထဝီနိုင်ငံရေးအရ အလေးထားရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ နှစ်နိုင်ငံ မဟာဗျူဟာမြောက် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံများ ဆက်ဆံရေးအဆင့်သို့ လျှောက်လှမ်း နေသည်နှင့်အမျှ အပြန်အလှန်နားလည်ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှုတို့ကို ပိုမိုခိုင်မာအောင် တည်ဆောက်နိုင်မည်သာ ဖြစ်ပေသည်။ မြန်မာနှင့် တရုတ်၊ တရုတ်နှင့်မြန်မာသည် ရေမြေတောတောင် သဘာဝအလှတို့တွင်သာမက ယဉ်ကျေးမှုချင်း တူညီမှုရှိသကဲ့သို့ နှစ်နိုင်ငံ သမိုင်းကြောင်းတွင်လည်း တူညီမှုများရှိခဲ့သည်။ သံလွင်မြစ်၊ မဲခေါင်မြစ်တို့မှ အစပြုလျက် သဘာဝတောတောင်ရေမြေချင်း များစွာထိစပ်နေသည့် တရုတ်နှင့် မြန်မာတို့၏ ကောင်းမွန်သည့် သမိုင်းကြောင်းများ၊ ယဉ်ကျေးမှုများသည် ဘယ်သူဖျက်ဖျက် ပျက်စီးမည့်အရာများ မဟုတ်ပါချေ။ ရှေးမြန်မာဘုရင်များ လက်ထက်ကပင် တရုတ်နိုင်ငံနှင့် ရွှေလမ်းငွေလမ်းဖောက်ကာ နှစ်ပြည်ထောင်ချစ်ကြည်ရေးကို တည်ဆောက်ခဲ့ရာ ယနေ့ကာလတိုင် အမွေကောင်းသဖွယ် ဆက်ခံလျက်ရှိသည်။ နှစ်နိုင်ငံ ခေါင်းဆောင်များ၊ တပ်မတော်ခေါင်းဆောင်များ မိတ်ဝတ်မပျက် ချစ်ကြည်သွားလာလျက် မိသားစုသဖွယ် ဆက်ဆံရေးရှိရုံမျှမက တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၏ ၉၅ နှစ်တာခရီး တစ်လျှောက်တွင်လည်း မြန်မာ့တပ်မတော်နှင့် အားကောင်းသော ရင်းနှီးချစ်ကြည်မှု ရှိခဲ့သည်။ ယင်းမှာ နှစ်နိုင်ငံ အကြား၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု၏ ထူးခြားသည့် ဝိသေသတစ်ခု ပင်ဖြစ်သည်။

 

ဂုဏ်ယူဝင့်ကြွားဖွယ်ရာ အပြည့်ဖြင့် ၉၅ နှစ်တိုင်ခဲ့ပြီ

 

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ကြီးသည် ၉၅ နှစ်တာ ခရီးကာလအတွင်း လှိုင်းကြီး လှေအောက်၊ တောင်ကြီးဖဝါးအောက်ဆိုသော ထုံးဖြင့် ကြုံတွေ့ခဲ့ရသော အခက်အခဲမှန်သမျှကို ရင်ဆိုင်အန်တုလျက် နိုင်ငံတော်ကြီးကို ကာကွယ်စောင့်ရှောက်ခဲ့ပေသည်။ အင်အားတောင့်တင်းမှု အရသာမက မျိုးချစ်စစ်သည်တော်ကောင်းများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်သည် နိုင်ငံ့ခေါင်းဆောင်များအဆက်ဆက်က ခေတ်နှင့်လျော်ညီစွာ ပြောင်းလဲတည်ဆောက်ခဲ့သော ကာကွယ်ရေး ဆိုင်ရာမူဝါဒများအောက်တွင် စနစ်တကျလိုက်ပါ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုကြောင့် ကမ္ဘာတွင် စွမ်းရည်မြင့်မားသည့် တပ်မတော်အဆင့်ကို ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်အနေဖြင့် စစ်ရေးအင်အား တောင့်တင်းမှု၊ တည်ငြိမ်မှု၊ လုံခြုံမှုနှင့်ရန်လိုမှု ကင်းသော နိုင်ငံချစ်စိတ်တို့ဖြင့် အမိတိုင်းပြည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ပြီး ကမ္ဘာကြီး၏ ကောင်းကျိုးအဖြာဖြာကိုလည်း တစ်ဖက်တစ်လမ်းက ဆောင်ရွက်သွားနိုင်ပါစေကြောင်းဆန္ဒပြုရင်း ဂုဏ်ယူဝင့်ကြွားဖွယ်ရာ အပြည့်ဖြင့် ၉၅ နှစ်တိုင်ခဲ့ပြီဖြစ်သည့် အိမ်နီးချင်း တပ်မတော်အား ဂုဏ်ပြုရေးသားလိုက်ရပါ တော့သည်။